ထိုင်းနိုင်ငံ၊ လယောင်ခရိုင်၊ ပလွှက်ဒန်င်မြို့နယ်မှာရှိတဲ့ စက်ရုံသုံးရုံမှာ အလုပ်လုပ်ကိုင်နေတဲ့ အထောက်အထား စာရွက်စာတမ်း မှန်ကန်မှုမရှိတဲ့ မြန်မာနိုင်ငံသား အယောက် ၃၀ ကို ထိုင်းအာဏာပိုင်တွေက ဖေဖော်ဝါရီ ၈ ရက်မှာ ဖမ်းဆီးခဲ့တယ်လို့ ထိုင်းသတင်းမီဒီယာတွေမှာ ဖော်ပြထားပါတယ်။
ပလွှက်ဒန်င်မြို့နယ် မာ့ယန်ဖော်ကျေးရွာမှာရှိတဲ့ စက်ရုံ ၃ ရုံမှာ တရားမဝင် နိုင်ငံခြားသားတွေ ဝင်ရောက် အလုပ်လုပ်ကိုင်နေတယ်လို့ သတင်းရတဲ့အတွက် ထိုင်းအာဏာပိုင်တွေနဲ့ တာဝန်ရှိသူတွေ ပူးပေါင်းပြီး ရှောင်တခင် ဝင်ရောက်စစ်ဆေးခဲ့ကြတာလည်း ဖြစ်ပါတယ်။
အဲဒီနောက် အလုပ်သမားတွေရဲ့ အထောက်အထားတွေကို စစ်ဆေးခဲ့ရာမှာ အလုပ်ရှင်အဟောင်းက အလုပ်ရှင်အသစ်ဆီကို ပြောင်းရွှေ့အလုပ်လုပ်ကိုင်ကြောင်း စာရင်းမရှိတဲ့ မြန်မာနိုင်ငံသား ၂၅ ဦးနဲ့ အလုပ်လုပ်ကိုင်ခွင့်လက်မှတ်မရှိတဲ့ မြန်မာအလုပ်သမား ၅ ဦး၊ စုစုပေါင်း အယောက် ၃၀ တို့ကို စစ်ဆေးတွေ့ရှိခဲ့တဲ့အတွက် အခုလို ဖမ်းဆီးအရေးယူခဲ့တာလို့ ဆိုပါတယ်။
လက်ရှိ ဖမ်းဆီးခံရသူတွေကို ထိုင်းနိုင်ငံ ဥပဒေအရ အရေးယူနိုင်ဖို့ ပလွှက်ဒန်င်ရဲစခန်းကို ပို့ဆောင်ထားတယ်လို့လည်း သိရပါတယ်။