မန္တလေးတိုင်း၊ မဟာအောင်မြေမြို့နယ်မှာ ဆိုင်ကယ်စီးလာတဲ့ လူငယ် တယောက်ကို စစ်ကောင်စီတပ်က ကားနဲ့ဖြတ်တိုက် ဖမ်းဆီးပြီးနောက် ၁ ရက်အတွင်း မဟာအောင်မြေမြို့နယ်က လူငယ် အယောက် ၃၀ လောက် ထပ်မံဖမ်းဆီးခံလိုက်ရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
ဖေဖော်ဝါရီ ၇ ရက် ညပိုင်းက မဟာအောင်မြေမြို့နယ် ၄၁ လမ်း၊ ၄၂ လမ်းနဲ့ လမ်း ၉၀၊ ၉၁ လမ်းကြားမှာ ဆိုင်ကယ်စီးလာတဲ့ လူငယ် တယောက်ကို စစ်ကောင်စီတပ်က ကားနဲ့ဖြတ်တိုက် ဖမ်းဆီးပြီးနောက် သံလျက်မှော်အနောက်ဘက်ရှိ သပြေညွန့်နဲ့ စံပြရပ်ကွက်က လူငယ် ၁၅ ယောက်လောက်ကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဖေဖော်ဝါရီ ၈ ရက် မနက် ၂ နာရီလောက်ကလည်း သံလျက်မှော်အရှေ့ဘက် ရွှေကူရပ်ကွက်က အိမ်တအိမ်ကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းကာ အနည်းဆုံး အမျိုးသား ၄ ယောက်လောက် ဖမ်းဆီးခံလိုက်ရသလို မနက် ၁၀ လောက်ကလည်း အဲဒီအိမ်နဲ့ တအိမ်ကျော်က လူငယ် တယောက်ကို အိမ်စီးကားနဲ့ လာရောက်ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။
ပုသိမ်ကြီးမြို့နယ်၊ မဲကင်းကုန်းနဲ့ တဲကုန်း၊ ကုန်းတန်းမှာလည်း အရပ်ဝတ် ဝတ်ထားတဲ့ စစ်ကောင်စီတပ်သားတွေ ကင်းပတ်နေပြီး ညနေ ၄ နာရီမှာ သံလျက်မှော်အရှေ့ဘက်က လူငယ် နှစ်ယောက် ထပ်မံဖမ်းဆီးခံလိုက်ရတယ်လို့ Voice OF Mandalay ကနေ သိရပါတယ်။
ဖမ်းဆီးခံလိုက်ရတဲ့ ဖြစ်စဉ်နဲ့ပတ်သက်ပြီး မန္တလေးအခြေစိုက် Mandalay People Rescue မှ ကိုထက်အောင်က “ လူဘယ်နှယောက် ပါသွားလဲတော့ မသိရသေးပါဘူး။ နေရာအတိအကျနဲ့ ဝင်ဖမ်းခံရတာ” လို့ ပြောပါတယ်။
လက်ရှိအချိန်အထိ မန္တလေးမြို့ထဲမှာ စစ်ကောင်စီတပ်က ပိုက်စိပ်တိုက် ရှာဖွေဖမ်းဆီးနေပြီး ဖမ်းဆီးခံလိုက်ရတဲ့ လူငယ်တွေထဲမှာ တော်လှန်ရေးနဲ့ သက်ဆိုင်ခြင်းမရှိတဲ့ လူငယ်တွေပါ ပါဝင်နေတယ်လို့ Voice Of Mandalay က ဒီဗွီဘီကို ပြောပါတယ်။