စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်အတွင်းရှိ ကျောက်လုံးကြီးတပ်မဟာက ရဲဘော်တွေ ဖေဖော်ဝါရီ ၈ ရက် မနက် ၈ နာရီလောက် အလယ်ကျွန်းကျေးရွာအနီးမှာ မိုင်းမတော်တဆဖြစ်ပြီး ရဲဘော် ၁ ဦးကျဆုံးကာ ၅ ဦး ဒဏ်ရာရခဲ့တယ်လို့ ကျောက်လုံးကြီးတပ်မဟာ တာဝန်ရှိသူဆီကနေ သိရပါတယ်။
“ပျူတွေဘက်က လှုပ်ရှားလာတယ်လို့ သတင်းရလို့ ကလေးတွေက မိုင်းသွားထောင်ရင်း မိုင်းမတော်တဆ ဖြစ်သွားတာပါ။ ကလေးတယောက်ကတော့ နေရာတင်ဆုံးတယ်။ ကျန် ၅ ယောက်ကတော့ ဆေးကုသခံနေရဆဲပါ။ ကိုယ့်ဘက်က လက်နက်မပြည့်စုံတော့ Save မဖြစ်တဲ့ လက်လုပ်တူမီး၊ လက်လုပ်မိုင်းတွေ သုံးနေရဆဲဆိုတော့ အခုလိုဖြစ်သွားရတယ်ဗျာ။ စိတ်ကိုမကောင်းဘူး။ လက်နက်မျှော်ရတာလည်း လည်ပင်းရှည်လှပြီ။ အခုသေဆုံးရတာနဲ့ဆို ကျနော်တို့ရဲဘော် ကျဆုံးတာ ၁၈ ဦးအထိ ရှိနေပြီ။ ကြာတော့ လက်နက်မပြည့်စုံတော့ အကြီးကဲတယောက်အနေနဲ့ စိတ်ဓာတ်ကျမိတာတော့ အမှန်ပဲ။ ကလေးတွေကတော့ စစ်အာဏာရှင် အမြစ်ပြတ်ရေးကိုပဲ စိတ်ထဲရှိကြတော့ တိုက်ပွဲတိုက်မယ်ဆိုရင်ကို ပျော်နေကြတာ” လို့ ကျောက်လုံးကြီးတပ်မဟာ နယက က ဒီဗွီဘီကို ပြောပါတယ်။
မိုင်းမတော်တဆပေါက်ကွဲပြီး သေဆုံးသွားတဲ့ ရဲဘော်ဟာ အသက် ၂၈ နှစ်အရွယ် ရဲဘော်ဇော်ကြီးဖြစ်ပြီး ဒီနေ့လယ်က KLG ရဲဘော်တွေ၊ မိဘဆွမျိုးတွေနဲ့အတူ ဘုန်းကြီးပင့်ကာ ကောင်းကောင်းမွန်မွန် သင်္ဂြိုဟ်ခဲ့တယ်လို့လည်း သိရပါတယ်။
ကျောက်လုံးကြီးတပ်မဟာ KLG ဟာ ကနီမြို့နယ်အတွင်း တိုက်ခိုက်ရေးတမျိုးတည်း လုပ်ဆောင်နေတဲ့အဖွဲ့မဟုတ်ဘဲ စစ်ကောင်စီက ကျေးရွာတွေ မီးရှို့သွားလို့ ဒုက္ခရောက်နေတဲ့ ပြည်သူတွေကို ထောက်ပံ့တာတွေ ပြုလုပ်ပေးသလို CDM ပြုလုပ်ထားလို့ စားဝတ်နေရေး ခက်ခဲနေတဲ့ ဝန်ထမ်းတွေကိုလည်း ကူညီပေးနေတဲ့အဖွဲ့ဖြစ်တယ်လို့ ကနီမြို့နယ် ဒေသခံတွေက ပြောပါတယ်။