စစ်ကိုင်းတိုင်း၊ မုံရွာမြို့ အခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ် နမခ တပ်ကို ဖေဖော်ဝါရီ ၅ ရက် မနက် ၃ နာရီ နဲ့ မနက် ၉ နာရီ ဝန်းကျင်မှာ မုံရွာခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော် နဲ့ မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေက ၁၀၇ (မမ) လျှော့တိုက်ဒုံး ၄ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် နမခ အတွင်းမှ ဂိုထောင် ၂ လုံးနဲ့ ဂိတ် ၁ ဂိတ်ပျက်စီးပြီး တပ်ကြပ် ၁ ဦး၊ ဒုတပ်ကြပ် ၁ ဦး နဲ့ စစ်ကောင်စီတပ်သား ၂ ဦးပွဲချင်းပြီးသေဆုံးကာ ၅ ဦး ထက်မနည်း စိုးရိမ်ဒဏ်ရာရရှိထားတယ်လို့ Chindwin Attack Force တာဝန်ရှိသူက ပြောပါတယ်။
“စစ်တပ်ဘက်က သေဆုံးမှုနဲ့ ပျက်စီးမှုတွေကို တပ်တွင်း သတင်းတွေအရ သိရတာပါ။ မနက် ၉ နာရီလောက်ပေါ့၊ သူ့တို့ တန်းစီနေတဲ့အချိန် ရှော့တိုက်ဒုန်း နဲ့ ပစ်လိုက်တာ၊ အဲ့မှာ အထိအခိုက်အသေအဆုံး ရှိသွားတာပါ။ အခုဆို နမခ တပ် အနီးနားမှာ တပ်ရင်း ၉ ရင်း ဝိုင်းပြီး လုံခြုံရေးတွေ ချထားတယ်။”
အဆိုပါ တိုက်ခိုက်မှုကို မုံရွာခရိုင်ပြည်သူကာကွယ်ရေးတပ်မတော် (Chindwin Attack Force) တပ်ရင်း - ၂၊ တပ်ရင်း ၃၊ တပ်ရင်း ၄၊ တပ်ရင်း ၅ နဲ့ Alpha Special Force- ASF တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
အတုအယောင် ဟန်ပြ ရွေးကောက်ပွဲဖြင့် တရားဝင်မှုရရှိရေး ကြိုးစားနေတဲ့ စစ်ကောင်စီရဲ့ လုပ်ရပ်အား မိဘပြည်သူတွေကို အသိပေးလိုပြီး တရားမဝင်ရွေးကောက်ပွဲကို နည်းမျိုးစုံနဲ့ ဆန်ကျင်ကြဖို့ နဲ့ စစ်ကောင်စီ လက်အောက်ခံ စစ်တိုင်းချုပ်အနေနဲ့လည်း အပြစ်မဲ့ ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်အား ဖျက်ဆီးတာတွေကို ချက်ချင်းရပ်တန့်ပြီး လက်နက်ချဖို့ တောင်းဆိုထားပါတယ်။
ဖေဖော်ဝါရီ ၅ ရက် မနက် ၁၁ နာရီကလည်း မိုင်းရှင်းလင်းဖို့ စစ်ကိုင်း-မြင်းမူလမ်းအတိုင်း မောင်းလာတဲ့ စစ်ကောင်စီကားကို မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ မြင်းခြံခရိုင် Zero ပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူ ကိုသက်ကြီးက ပြောပါတယ်။
“ထွက်လာမယ်ဆိုတာကို ဖရဲသီးက ကြိုသတင်းပေးထားလို့ နေရာ ၃ နေရာကနေ မိုင်းခင်းပြီး စောင့်တိုက်ခိုက်ခဲ့တာ။ ပထမမိုင်းခင်းထားတဲ့ ရွာမရွာနဲ့ နတ်ခရိုင်ရွာကြားမှာ မိုင်း ၃ လုံး ဆွဲတိုက်ခိုက်ခဲ့တာ။ ကားကို အရင်မိုင်းဆွဲတယ်။ မိုင်းဆွဲလို့ ကားပေါ်ကနေဆင်းပြီး ပြန်ပစ်တယ်။ ပစ်နေတဲ့အချိန်ကို ထပ်ပြီးမိုင်းဆွဲတာ ၂ ကောင်ကတော့ နေရာတင် သေတယ်။ အများအပြား ဒဏ်ရသွားတယ်။”
စစ်ကိုင်းခရိုင်အတွင်းမှာ စစ်ကောင်စီတပ်တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တို့ တိုက်ပွဲနေ့စဉ် ဖြစ်ပွားနေပြီး ဖေဖော်ဝါရီ ၄ ရက်ကလည်း ထီးဆောင်းကျေးရွာက စစ်ကောင်စီစခန်းတခုကို ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက ဝင်ရောက် တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
စစ်ကိုင်းတိုင်း၊ ပုလဲမြို့ပေါ်က ရဲစခန်းကို ဖေဖော်ဝါရီ ၅ ရက် ည ၁၀ နာရီလောက်မှာ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံပြည်သူ့ကာကွယ်ရေးခေါင်ဆောင်တွေက ပြောပါတယ်။
“ကျနော်တို့ ဒေသခံမဟာမိတ်အဖွဲ့စုံနဲ့ ရဲစခန်းကို ဝင်ရောက်ပစ်ခတ်ခဲ့တာဗျ။ အရင်ဆုံး အထူးတပ်က ရဲစခန်းကိုဝင်ပစ်တယ်။ အထူးတပ်ပစ်ပြီး နောက်တန်းကနေ လက်နက်ကြီး ပစ်ကူတွေနဲ့ ထပ်ပစ်ခဲ့တယ်ဗျ။ တိုက်ပွဲက ညပိုင်း ၁၀ နာရီကနေစပြီး ည ၁ နာရီခွဲမှာ ပြီးခဲ့တယ်ဗျ။ အဲတိုက်ပွဲမှာ ကျနော်တို့ဘက်က ရဲဘော်တယောက် ကျည်ရှပ်မှန် ဒဏ်ရာရရှိခဲ့တယ်ဗျ၊ ဒဏ်ရာ ၆ ချက် ချုပ်ပေးထားရတယ်၊ အသက်အန္တရယ်တော့ မစိုးရိမ်ရဘူး။ သူတို့ဘက်က ရဲ(-) ၂ ကောင် သေဆုံးတယ်လို့ ဒီနေ့မနက်ဖရဲသီးဆီက ပြန်သိထားတယ်” လို့ ပုလဲမြို့နယ် ဗိုလ်ဠုန်အဖွဲ့တာဝန်ရှိသူက ပြောပါတယ်။
အခုတိုက်ပွဲကို သခင်ဒေါင်းညို၊ ဗိုလ်ဂဠုန်၊ ရိုးမရာဇာ(ကိုစိုင်း)၊ မုဆိုးလေး၊ ကိုဘလက်(Black)၊ Black Galon လက်နက်ကြီးအဖွဲ့နဲ့ ပုလဲအခြေစိုက် တပ်ရင်း၊ တပ်ဖွဲ့တွေနဲ့ Local အဖွဲ့တွေ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်တာလို့ သိရပါတယ်။
ပုလဲမြို့နယ်ဟာ စစ်ကောင်စီက ဖေဖော်ဝါရီ ၂ ရက်နေ့မှာ စစ်အုပ်ချုပ်ရေး မြို့နယ်အဖြစ် သတ်မှတ်ထားပါတယ်။