ရှမ်းပြည်နယ်မြောက်ပိုင်းမှာရှိတဲ့ ကေအိုင်အေ ထိန်းချုပ်နယ်မြေအတွင်းက စစ်ဘေးရှောင်ပြည်သူတွေရဲ့ ကလေးတွေအတွက် ဖွင့်လှစ်ထားတဲ့ ဖက်ဒရယ်ပညာရေးကျောင်းမှာ ၆၂ နှစ်ပြည့် ကချင်တော်လှန်ရေးနေ့အခမ်းအနားကို ဖေဖော်ဝါရီ ၅ ရက်က ကျင်းပခဲ့ပါတယ်။
အဲဒီအခမ်းအနားမှာ ကျဆုံးသွားတဲ့ ကချင်သူရဲခေါင်းတွေကို အလေးပြုတာ ကချင်အမျိုးသားအလံ လွှင့်တင်တာနဲ့ ကချင်အမျိုးသား သီးချင်းသီးဆိုတာတွေကိုလည်း ကျောင်းသူကျောင်းသားတွေက ပြုလုပ်ခဲ့ပါတယ်။
အဲဒီအပြင် ဆရာဆရာမတွေက ကချင်တော်လှန်ရေးနေ့ဖြစ်ပေါ်လာပုံနဲ့ ကချင်ခေါင်းဆောင်တွေအကြောင်း ပြောဆိုခဲ့ကြပြီး ကျောင်းသားကျောင်းသူတွေက အသင်းလိုက် တော်လှန်ရေးအကြောင်းကို ဆွေးနွေးခဲ့ကြပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်းမှာရှိတဲ့ ကေအိုင်အေ ထိန်းချုပ်နယ်မြေထဲမှာ ကျောင်း ၆ ကျောင်း ရှိပြီး KG အတန်းကနေ အထက်တန်းအထိ ကျောင်းသားကျောင်းသူ စုစုပေါင်း ၂၀၀ ကျော်ရှိပါတယ်။