တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်မှာက စစ်ကောင်စီရဲ့ ဝါဒဖြန့်စာစောင်တွေနဲ့ စာအုပ်တွေကို ဖေဖော်ဝါရီ ၃ ရက် နေ့လယ်ပိုင်းမှာ သိမ်းဆည်းကာ မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ပုလောဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PRDF) က ပြောပါတယ်။
PRDFတပ်ဖွဲ့က မြိတ်-ထားဝယ်အမြန်လမ်းမပေါ်မှာ စစ်ဆေးခဲ့ရာမှာ ခရီးသည်ကားတစီးပေါ်က ဝါဒဖြန့်စာစောင်တွေ၊ စာအုပ်တွေကို သိမ်းဆည်းရမိတယ်လို့လည်း သိရပါတယ်။
PRDF တာဝန်ရှိသူတဦးက “လမ်းပေါ်မှာ စစ်ဆေးရာမှာ ခရီးသည်ကားတစီးပေါ်က စစ်ကောင်စီရဲ့ ဝါဒဖြန့်စာတွေ တွေ့တယ်။ အဲဒီဝါဒဖြန့်တဲ့ စာတွေထဲမှာ ပါတီတွေနဲ့ ပတ်သက်တဲ့ အကြောင်းတွေ၊ ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့အကြောင်းတွေနဲ့ သတင်းပိုင်းဆိုင်ရာ ဝါဒဖြန့်တဲ့ အကြောင်းတွေ တွေ့ရတယ်” လို့ ပြောပါတယ်။
PRDF တပ်ဖွဲ့က စစ်ကောင်စီရဲ့ ဝါဒဖြန့်စာစောင်တွေနဲ့ စာအုပ်တွေကို သိမ်းဆည်း မီးရှို့ဖျက်ဆီးကာ ကားဒရိုင်ဘာကိုလည်း သတိပေးပြီး ပြန်လည်လွှတ်ပေးခဲ့တယ်လို့ ဆိုပါတယ်။
ပုလောမြို့နယ်ဟာ ဖေဖော်ဝါရီ ၂ ရက်က စစ်ကောင်စီရဲ့စစ်အုပ်ချုပ်ရေး (Martial Law) အာဏာကျင့်သုံးတဲ့ ၃၇ မြို့နယ်ထဲမှာပါဝင်ပြီး ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကလည်း စစ်ကောင်စီရဲ့ယာဉ်တန်းတွေနဲ့ ဝေးရာမှာနေဖို့နဲ့ စစ်ကောင်စီစစ်ကြောင်း ဝင်လာရင် ဘေးလွတ်ရာကို ရှောင်ပြေးကြဖို့ သတိပေးထားပါတယ်။