တနင်္သာရီတိုင်း ပလမြို့၊ တန်းရှင်းရွာမှာ ဖေဖော်ဝါရီ ၃ ရက် နေ့လယ် ၁ နာရီလောက်က တန်းရှင်း စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့ကြား တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ တိုက်ပွဲမှာ ပါဝင်သူ တဦးက ပြောပါတယ်။
"တိုက်ပွဲက နေ့လယ်လောက်တည်းက ဖြစ်တာ။ သူတို့ဆင်းလာတာသိတော့ ကျနော်တို့ သွားပိတ်တာ။ လမ်းမှာ ထိပ်တိုက်တွေ့ပြီး အပြန်အလှန်ပစ်ခတ်မှုဖြစ်တာ။"
ဒေသခံတဦးက "တိုက်ပွဲဖြစ်ပြီးတော့ ညနေလောက်မှာ စစ်တပ်က လက်နက်ကြီးတွေနဲ့ ရွာထဲကို အဆက်မပြတ်ပစ်နေတာ။ ရွာသားတွေမှာလည်း ထိခိုက်မှုတွေ ရှိနေတယ်။ ရွာသား တယောက် လက်နက်ကြီးထိပြီး သေသွားတယ်" လို့ ပြောပါတယ်။
နှစ်ဘက်တိုက်ပွဲမှာ စစ်တပ်က ထိခိုက်သေဆုံးတာတွေ ရှိတယ်လို့ဆိုပေမဲ့ အတိအကျကိုတော့ အတည်မပြုနိုင်ပါဘူး။
တနင်္သာရီတိုင်း လောင်းလုံးမြို့နယ်၊ မင်းရပ်ကျေးရွာထဲကို ဖေဖော်ဝါရီ ၃ ရက် ည သန်းခေါင်ကျော်က စစ်ကောင်တပ်ဖွဲ့ဝင်တွေ ရောက်ရှိလာပြီး အမျိုးသား တယောက်ကို ပစ်သတ်ခဲ့တဲ့အပြင် နေအိမ်ကိုလည်း မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ရွာခံတွေက ပြောပါတယ်။
ပစ်သတ်ခံရသူမှာ အသက် ၅၀ ခန့်ရှိတဲ့ ဦးတင်လုံးဆိုသူဖြစ်ပြီး ပြီးခဲ့တဲ့ ၂ ရက်လောက်ကမှ ငါးဖမ်းလုပ်ငန်းလုပ်ကိုင်နေတဲ့ မြိတ်မြို့ကနေ ရောက်ရှိလာခဲ့တာလို့ ရွာခံတဦးက ပြောပါတယ်။
ထားဝယ်ဘက်ကနေ မြေတင်ကားတစီး၊ ဗီဂိုးကားတစီးနဲ့ ရောက်လာတဲ့ ပျူစောထီးနဲ့ စစ်ကောင် စီတပ်ဖွဲ့ဝင် အင်အား ၂၀ လောက်ဟာ ရွာထိပ်ကနေ ရွာထဲကို သေနတ်နဲ့ ပစ်ခတ်ပြီးမှ ဝင်လာခဲ့ကြတာပါ။
မင်းရပ်ရွာခံ အမျိုးသမီးတဦးက "လာရှာတာက တခြား တယောက်။ သူက ကြောက်ပြီး ထွက်ပြေးတဲ့အချိန် ပစ်ခံလိုက်ရတာ။ စစ်သားတွေက သူ့အလောင်းကို ဓာတ်ပုံနဲ့ တိုက်စစ်ပြီး လူမှားသွားပြီလို့လည်း ပြောနေကြတယ်" လို့ ပြောပါတယ်။
စစ်ကောင်စီတပ်ဟာ ပစ်သတ်ခံရသူနဲ့ ဆွေမျိုးတော်စပ်သူ အသက် ၂၀ ဝန်းကျင်ရှိတဲ့ လူငယ် တယောက်ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေနဲ့ ပတ်သက်တယ်လို့ ယူဆချက်နဲ့ လာရောက် ရှာဖွေကြတာဖြစ်ပြီး အဲဒီလူငယ်ကိုတော့ နေအိမ်မှာ မတွေ့ခဲ့ကြပါဘူး။
မင်းရပ်ရွာခံတဦးက "သူတို့လိုချင်တဲ့ လူငယ်ရဲ့ အိမ်နဲ့ သူ့အမျိုးအိမ်တွေမှာ ဝင်မွှေသွားတာ။ မီးရှို့သွားတာက သူ့အဖိုးအိမ်။ စစ်သားတွေ ပြန်တော့လည်း အဲဒီအိမ်က လူတွေကို ဓားစာခံ လုပ်ပြီး ကားနဲ့ခေါ်သွားတာ။ ရွာပြင်ရောက်မှ ပြန်လွှတ်ခဲ့တာ" လို့ ပြောပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ပြန်ထွက်ခါနီးမှာတော့ ဦးတင်လုံးနေထိုင်တဲ့ နေအိမ်ပေါ်က ပစ္စည်းတွေကို ကားပေါ်တင် ယူဆောင်သွားခဲ့ကြပြီး နေအိမ်ကို မီးရှို့ခဲ့ကြတာပါ။
ဒါ့အပြင် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ တခြားနေအိမ်တလုံးက ဆိုင်ကယ် သုံးစီးကို ယူသွားတဲ့အပြင် နောက်ထပ်နေအိမ် ၂ လုံးကိုလည်း ဝင်ရောက်စစ်ဆေး ရှာဖွေသွားခဲ့ပါတယ်။