မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ရေး-ချောင်းတောင်မြစ်ကူးတံတားရှိ စစ်ကောင်စီလုံခြုံရေး ကင်းစခန်းကို ဖေဖော်ဝါရီ ၃ ရက် ညနေ ၅ နာရီ မိနစ် ၂၀ လောက်က ဝင်ရောက်ပစ်ခတ်ခဲ့တယ်လို့ ရာမညပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။
အတင်းအဓမ္မ စစ်ဆေးမေးမြန်းကာ ငွေညှစ်တယ်ဆိုတဲ့ တိုင်ကြားစာတွေ အဆက်မပြတ် ရောက်ရှိလာသလို မူးယစ်ဆေးဝါးဖြန့်သူတွေကို ငွေယူပြန်လွှတ်ပေးတဲ့အပြင် ဒေသခံတွေအပေါ် နိုင်ထက်စီးနင်း လုပ်တာတွေကြောင့် အခုလို တိုက်ခိုက်တာလို့ သိရပါတယ်။
မနေ့ညနေက တံတားကင်းဂိတ် တိုက်ခိုက်ခံရတာကြောင့် အနီးနားက ညစျေးသမားတွေပါ ဘေးလွတ်ရာ ထွက်ပြေးရပြီး လူတွေထိခိုက်တာတော့ မကြားရသေးဘူးလို့ ဒေသခံတယောက်က ပြောပါတယ်။
ဖေဖော်ဝါရီ ၂ ရက်နေ့ကလည်း ရေးမြို့နယ်၊ ရေး-သံဖြူဇရပ်ကားလမ်းမှာ စစ်ကောင်စီ ယာဉ်တန်းတွေ နေရာ ၃ နေရာမှာ တိုက်ခိုက်ခံရလို့ အနည်းဆုံး ၃ ယောက်သေဆုံး အများပြား ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။
စစ်ကောင်စီတပ်ဖွဲဝင်တွေဟာ ရေးမြို့နယ်၊ အောင်သပြေရွာအနီး ကင်းပုန်းဝပ်နေစဉ် မနက် ၈ နာရီလောက်မှာ တောင်ညို ပြည်သူ့ပြောက်ကျားတပ်ဖွဲ့က စနိုက်ပါနဲ့ ပစ်ခဲ့ရာ စစ်ကောင်စီ တပ်ဖွဲ့ဝင် ၁ ဦး သေဆုံးပြီး ၃ ဦး အပြင်းအထန် ဒဏ်ရာရခဲ့တယ်လို့ တောင်ညိုပြောက်ကျားတပ်ဖွဲ့က ဖေဖော်ဝါရီ ၃ ရက်မှာ ထုတ်ပြန်ပါတယ်။
မွန်းတည့် ၁၂ နာရီလောက်မှာလည်း စစ်ကောင်စီတပ်ဖွဲဝင်တွေ ကား ၈ စီးနဲ့ ရေးမြို့မှ သံဖြူဇရပ်မြို့ဘက်ကို ဖြတ်သွားစဥ် အေးကမ္ဘာရွာအနီး ချုံခိုပစ်ခတ်တိုက်ခိုက်ခဲ့ရာ အများအပြား သေဆုံးဒဏ်ရာရပြီး ကားတစီး ပျက်စီးခဲ့တယ်လို့ တောင်ညိုရဲ့ထုတ်ပြန်ချက်တွေအရ သိရပါတယ်။
မွန်းတည့် ၁၂ နာရီကျော်မှာတော့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ လိုက်ပါလာတဲ့ ကား ၄ စီးကို ကလိန်ပဒေါရွာနဲ့ ကျုံမတီးရွာအကြား ချုံခိုမိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်ဖွဲ့ဝင် ၂ ယောက် သေဆုံးကာ ကား ၁ စီးပျက်စီးသွားတယ်လို့ဆိုပါတယ်။
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ စခ န်းကြီးကျေးရွာရှိ စစ်ကောင်စီပိုင် မိုင်တဲလ်တာဝါတိုင်ဧရိယာအတွင်းရှိ ဆက်သွယ်ရေးအထိုင်စက်၊ မီးစက်နဲ့ အခြားဆက်စပ်ပစ္စည်းတွေကို ဖေဖော်ဝါရီ ၃ ရက်နေ့ မွန်းလွဲ ၂ နာရီခွဲလောက်မှာ YGF-ရေးပြောက်ကျားတပ်ဖွဲ့က မီးရှို့ဖျက်ဆီးခဲ့တယ်လို့ အဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။
မိုင်တဲလ်တာဝါတာကို ဖျက်ဆီးမီးရှို့ခဲ့ပြီးတဲ့နောက် ရေးပြောက်ကျားတပ်ဖွဲ့က ပြန်လည်ဆုတ်ခွာခဲ့တယ်လို့ ရေးပြောက်ကျားတပ်ဖွဲ့ YGFက ပြောပါတယ်။
ပြီးခဲ့တဲ့ရက်ကလည်း ရေးမြို့နယ် ကျုံလောင်းရွာဟောင်းကျေးရွာက မိုင်တဲလ်တာဝါတိုင်ကို ရေးဘီးလူးအဖွဲ့တွေက မီးရှို့ဖျက်ဆီးခဲ့ပါတယ်။
စစ်အာဏာသိမ်းပြီး ၂ နှစ်တာကာလအတွင်းမှာ မြန်မာနိုင်ငံက နေရာအသီးသီးက မိုင်တဲလ်တိုင်ဝါတိုင် ၂၀၀၀ ကျော် ဖျက်ဆီးခံခဲ့ရတာကြောင့် ကျပ်ငွေသန်းနဲ့ချီ ဆုံးရှုံးထားပါတယ်။