ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ် အခြေစိုက် စစ်ကောင်စီရဲ့ ခမရ ၃၀၇ တပ်ရင်းနဲ့ ညောင်လေးပင်မြို့နယ်က ကင်းစခန်းတခုကို စစ်အာဏာသိမ်း ၂ နှစ်ပြည့်အနေနဲ့ လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့လို့ ထိခိုက်သေဆုံးသူ ရှိနိုင်တယ်လို့ ကျောက်တံခါးမြို့နယ် ပ.က.ဖကနဲ့ ညောင်လေးပင် ပ.က.ဖ တို့က ဒီနေ့ ဖေဖော်ဝါရီ ၃ ရက်မှာ ထုတ်ပြန်ပါတယ်။
ကျောက်တံခါးမြို့နယ်၊ ပဲနွယ်ကုန်းမြို့နဲ့ အောင်မြေမြို့ကြားမှာရှိတဲ့ ခမရ ၃၀၇ တပ်ရင်းရဲ့ လက်နက်တိုက်၊ ဗဟိုကင်းနဲ့ ဧည့်ရိပ်သာကို ဇန်နဝါရီ ၃၁ ရက်နေ့မှာ ၃ ချက်ပစ်ခတ်ပြီး တိုက်ခိုက်ခဲ့တာလို့ ကျောက်တံခါးမြို့နယ် ပ.က.ဖ တာဝန်ခံ ကိုဖြိုးမောင်က ဒီဗွီဘီကို ပြောပါတယ်။
အဲဒီတိုက်ခိုက်မှုအတွင်းမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးသူ ရှိနိုင်ပြီး အတိအကျ မသိရသေးပေမဲ့ အဲဒီတပ်ရင်းရဲ့ရှေ့ တပ်ဦးကျောင်းက သံဃာတွေကို ပင့်ဖိတ်သွားတယ်လို့ စုံစမ်းသိရကြောင်း ဆိုပါတယ်။
အဲဒီစစ်ဆင်ရေးအတွင်းမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ရဲဘော်တွေ ထိခိုက်မှုမရှိဘဲ ဆုတ်ခွာနိုင်ခဲ့ပြီး မိဘပြည်သူတွေအနေနဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့ တပ်တွေနဲ့ ရဲစခန်းတွေနားကို သွားလာနေထိုင်တာတွေနဲ့ ပေါင်းသင်းဆက်ဆံတာတွေ မပြုလုပ်ကြဖို့ သတိပေးထားပါတယ်။
ညောင်လေးပင်မြို့နယ် တော်ဝိကျေးရွာ ဘူတာရုံကင်းစခန်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ပျူစောထီးတွေ ရှိနေတဲ့အချိန် မနေ့ ဖေဖော်ဝါရီ ၂ ရက် ည ၆ နာရီ ၅၀ မိနစ်မှာ M79 နဲ့ တချက်ပစ်ခတ်ခဲ့လို့ စစ်ကောင်စီဘက်က ထိခိုက်သူ ရှိနိုင်တယ်လို့ ညောင်လေးပင် ပ.က.ဖ ရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။
အဲဒီတိုက်ခိုက်မှုဟာ နန်းထိုက်အောင် စစ်ဆင်ရေးအဖြစ် ပြုလုပ်ခဲ့တာဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ရဲဘော်တွေ ထိခိုက်မှုမရှိဘဲ ပြန်လည်ဆုတ်ခွာခဲ့ကြတယ်လို့ ဆိုပါတယ်။
အဲဒီတိုက်ခိုက်မှုအတွင်းမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတဲ့ အခြေအနေကို ဒီဗွီဘီက သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။