Home
မြန်မာသတင်း
မြောင်းမြ စစ်ကောင်စီထောက်ခံဆန္ဒပြပွဲတွင် နေ့စားခ အဝေမတည့်ရာက စကားများရန်ဖြစ်
DVB
·
February 3, 2023
USDP Myaung Mya

ဧရာဝတီတိုင်း၊ မြောင်းမြမြို့မှာ ဖေဖေါ်ဝါရီ ၁ ရက် မနက်ပိုင်းက တပ်မတော်ထောက်ခံပွဲမှာ ပါဝင်သူအချင်းချင်း နေ့စားဆန္ဒပြခ အဝေမတည့်ရာက စကားများရန်ဖြစ်တဲ့အတွက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဝင်ရောက်ဟန့်တားခဲ့ရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

စစ်ကောင်စီ အာဏာသိမ်း ၂ နှစ်မြောက်နေ့မှာ မြန်မာနိုင်ငံအနှံ့ တိတ်ဆိတ်ခြင်းသပိတ် ဆင်နွှဲနေစဉ် စစ်ကောင်စီကလည်း တပ်မတော်ထောက်ခံပွဲတွေ စီစဉ်ပြုလုပ်စေခဲ့ရာမှာ ထောက်ခံသူတွေအချင်းချင်း စကားများ ရန်ဖြစ်ခဲ့တာ ဖြစ်ပါတယ်။

ထောက်ခံပွဲမှာ ပါဝင်သူတွေနဲ့ နီးစပ်သူ ဒေသခံအမျိုးသားတဦးက “စကားများ ရန်ဖြစ်တဲ့ ကိစ္စက ပိုက်ဆံအဝေမတည့်တဲ့ကိစ္စလို့ သိရတယ်။ ကျေးရွာကသူတွေကို နေ့စားနဲ့ ခေါ်လာတယ်။ ပိုက်ဆံရတာ တဦးနဲ့တဦး မတူလို့ စကားများ ရန်ဖြစ်ကြတာ။ အဲ့ဒါကို ဘယ်သူကသွားတိုင်လဲမသိဘူး။ လုံခြုံရေးလိုက်ပေးနေတဲ့ ရဲနဲ့ စစ်တပ်က ရောက်လာပြီး စကားမများနဲ့ အကုန်ဆွဲစိလိုက်မယ်ဆိုမှ ငြိမ်သွားတာ” လို့ ပြောပါတယ်။

မြောင်းမြမြို့မှာ တိတ်ဆိတ်ခြင်းသပိတ် ဆင်နွှဲနေတဲ့အချိန် စစ်ကောင်စီကကျင်းပတဲ့ တပ်မတော်ထောက်ခံပွဲမှာ ပါဝင်ဆန္ဒထုတ်ဖော်သူတွေကို အစားအသောက်နဲ့ ငွေကျပ်တသောင်း ကြံ့ခိုင်ရေးပါတီဝင်တွေက ပေးခဲ့တယ်လို့လည်း မြို့ခံကပြောပါတယ်။

မြောင်းမြတမြို့လုံးနီးပါး တိတ်ဆိတ်ခြင်းသပိတ်ပြုလုပ်နေစဉ် တပ်မတော်ထောက်ခံသူ အင်အား ၁၀၀ ကျော်ဟာ စင်္ကြာနန္ဒာဘုရားရှေ့မှ စတင်ကာ မြို့တွင်း ဗိုလ်ချုပ်ကြေးရုပ်အရှေ့ကတဆင့် မြို့မဘောလုံးကွင်းအထိ ကြွေးကြော်သံတွေနဲ့ ဆူညံစွာ အော်ဟစ် ဆန္ဒပြခဲ့ကြတာပါ။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024