“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်မြို့နယ်ရှိ ကျေးရွာတွေမှာ ကိုဗစ်ရောဂါကြောင့် ၂၀၂၀ ပြည့်နှစ်ကစလို့ ပဲသီးစိုက်တဲ့ လုပ်ငန်းကိုရပ်နားခဲ့ကြပြီး ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလမှာ ပြန်စိုက်ကြတယ်လို့ ပဲသီးစိုက်တောင်သူတွေဆီက သိရပါတယ်။
ပဲသီးတွေကို တရုတ်ပြည်၊ မိန်းတိန်ကို တင်သွင်းရောင်းချတာဖြစ်ပြီး ၂၀၂၀ မတိုင်မီ ၁ ကျင် (၁ ကီလိုဂရမ်) ကို တရုတ်ငွေ ၅ ယွမ်ရပြီး ၂၀၂၃ ဇန်နဝါရီလမှာတေ့ာ ၁၀ ယွမ်အထိ ပေါက်ဈေးရှိတယ်လို့ ပဲသီးစိုက်တောင်သူတဦးက ပြောပါတယ်။
ပဲသီးစိုက်တောင်သူတွေအနေနဲ့ မြေရှင်တွေဆီက မြေယာတွေကို ငှားရမ်းစိုက်ကြရပြီး ၁ နှစ်စာအတွက် ၁ ဧက ၆ မူးမှာ ၁ မူးကို တရုတ်ယွမ်ငွေ ၁၀၀ ပေးရပြီး အခုနှစ်မှာတေ့ာ ပဲသီးစိုက်တောင်သူတွေ များလာတာကြောင့် ၁ ဧကကို တရုတ်ယွမ်ငွေ ၄၀၀ ထိ ပေးရမှာဖြစ်ပြီး မြေရှင်တွေဟာ တရုတ်၊ ရှမ်းနဲ့ “ဝ”တွေ ဖြစ်ကြပါတယ်။
မတ်ဝမ်ကျေးရွာနေ ပဲစိုက်တောင်သူတဦးက “ကိုဗစ်ကြောင့် ပဲသီးတွေ ရောင်းမထွက်နိုင်လို့ တရုတ်ယွမ်ငွေ ၅၀,၀၀၀၊ မြန်မာငွေနဲ့ဆိုရင် သိန်း ၂၀၀ ကျော်လောက် ရှုံးခဲ့တယ်။ ရှုံးကြတဲ့သူတွေ တော်တော်များတယ်။ အကြွေးတင်ကြတဲ့သူတွေလည်း အများကြီးပဲ။ ပြီးတေ့ာ ဒီနောက်ပိုင်း ပဲသီးစိုက်ဖို့ သိပ်မလွယ်တော့ဘူး။ ကုန်ဈေးနှုန်းတွေ အရမ်းကို မြင့်တယ်။ အရင်က သိန်း ၃၀ လောက်ရင်းပြီး စိုက်လို့ရတာတွေက အခုဆို သိန်း ၉၀ လောက် ရင်းရတယ်။ အကုန်းလုံး ဈေးတက်ကုန်ပြီ” လို့ ပြောပါတယ်။
ကိုဗစ်ကြောင့် လမ်းတွေအကုန်ပိတ်ပြီး ပဲသီးတွေကို ရောင်းမရဘဲ ပဲသီးစိုက်တောင်သူတွေ အများအပြား ဆုံးရှုံးခဲ့ကြရပြီး သိန်းရာချီ အကြွေးတင်သွားတဲ့သူတွေလည်း ရှိခဲ့ပါတယ်။
အရင်က ပဲစိုက်တောင်သူတွေဟာ ပွဲစားတွေနဲ့တွေ့ပြီး အရောင်းအဝယ်လုပ်ကြပေမဲ့ ၂၀၂၂ ကစလို့ ဟိုပန်မြို့မှာရှိတဲ့ ရွှေပဲသီးကုမ္ပဏီကို တိုက်ရိုက်သွားရောင်းနိုင်ပြီ ဖြစ်ပါတယ်။
ပွဲစားတွေက ပဲသီးပေါက်ဈေးကို သတ်မှတ်တာဖြစ်ပြီး ဖြောင့်ပြီးလှတဲ့ ပဲသီးတွေကိုသာ ဈေးကောင်းပေးကြတာကြောင့် ပဲသီးစိုက်တောင်သူတွေအနေနဲ့ ပဲသီးတွေဖြောင့်ဖို့ မြေဩဇာတွေကို ကောင်းကောင်းသုံးပေးပြီး ပြုစုကြရပါတယ်။
ပဲသီးစိုက်ဖို့ အကောင်းဆုံးအချိန်ဟာ အောက်တိုဘာလဖြစ်ပြီး ခူးဖို့ ပျမ်းမျှ ၈၅ ရက်၊ ၃ လနီးပါးကြာ စောင့်ရပါတယ်။ မြေဩဇာကောင်းကောင်း သုံးနိုင်ရင် ၄ ကြိမ်လောက် ခူးရပြီး ၂ ရက်ခြား ၁ ကြိမ်နဲ့ ခူးရက်ကြာချိန် ၁၂ ရက်ရှိပါတယ်။
ဇန်နဝါရီလကစ ဖျက်ပိုးတွေများတာကြောင့် ပဲသီးစိုက်တောင်သူတွေအနေနဲ့ ပဲသီးစိုက်တာကို အများအားဖြင့် နားကြပြီး စိုက်ကြတဲ့သူတွေလည်း ရှိပါတယ်။
ဟိုပန်မြို့နယ်ဟာ နယ်စပ်ဒေသဖြစ်တာကြောင့် ဒေသခံတွေဟာ တရုတ်ပြည်ဘက်က လိုအပ်ချက်တွေကို အဓိကထားပြီး ဝင်ငွေရှာကြရတာ ဖြစ်ပါတယ်။ ပဲသီးတွေကို ၂၀၂၂ ကစလို့ ဝယ်ယူလာတာကြောင့် ဒေသခံတောင်သူတွေအနေနဲ့ ပြန်လည်စိုက်ပျိုးကြတာ ဖြစ်ပါတယ်။