ရန်ကုန်တိုင်း၊ အလုံမြို့နယ်၊ အောက်ကြည့်မြင်တိုင်လမ်းမ၊ ဆင်မင်းဈေးကားမှတ်တိုင်မှာ ဖေဖော်ဝါရီ ၂ ရက် ဒီနေ့ မွန်းလွဲ ၁၂ နာရီကျော်က လမ်းဖြတ်ကူးတဲ့ အသက် ၈၀ အရွယ် အဘွားအိုတဦးကို YBS ၈၉ က တက်ကြိတ်ခဲ့ပြီး အဆိုပါ YBS ယာဉ်မောင်း ထွက်ပြေးသွားတယ်လို့ အနီးအနားနေသူတွေဆီက သိရပါတယ်။
ကြီးလေးကြီးလူမှုကူညီရေးအသင်းက “တိုက်မိတဲ့လူနာက အသက် ၈၀ ရှိပြီ။ တွေ့လိုက်ရတာကတော့ အဘွားက ကားအောက်ထဲ ရောက်နေပြီ။ အနီးအနားကလူတွေ ပြောတာကတော့ ကားလမ်းဖြတ်ကူးတဲ့အချိန်မှာ တိုက်မိပြီး လဲကျသွားတာ။ အဲ့ဒီမှာ ကားသမားက မသိဘဲနဲ့ ဘီးကို ဆက်လှိမ့်လိုက်တဲ့အချိန်မှာ ဖြစ်သွားတာပေါ့။ လူနာကို ကားပေါ်တင်ပြီး ဆေးရုံသွားတဲ့အချိန်မှာ ကားသမားက ရှိသေးတာပေါ့။ ရပ်ကွက်က လူတွေကို ထိန်းသိမ်းဖို့ပြောထားပြီး ပြန်ခဲ့တာ။ ကျနော်တို့ ဖြစ်ခဲ့တဲ့နေရာကို ပြန်ရောက်တော့ မော်တော်ပီကယ်တွေ ရောက်နေတယ်၊ အဲ့ကျမှ ယာဉ်မောင်းက ထွက်ပြေးသွားမှန်းသိတာပါ” လို့ ပြောပါတယ်။
အဆိုပါယာဉ်တိုက်မှုဖြစ်ပွားခဲ့တဲ့ ကားက သာကေတနဲ့ ကြည့်မြင်တိုင် ပြေးဆွဲနေတဲ့ ယာဉ်လိုင်းလို့ သိရပြီး ကြည့်မြင်တိုင်ကနေ ဆူးလေဘက် ပြေးဆွဲတဲ့လမ်းမှာ ဖြစ်ပွားခဲ့တာပါ။
တိုက်မိချိန်က အဘွားအိုဟာ YBS ကားအရှေ့ကနေ လမ်းဖြတ်ကူးနေတာဖြစ်ပြီး ကားသမားက ခရီးသည်အဆင်းဘေးပေါက်ကို ကြည့်နေခဲ့ရာက ပြန်အထွက်မှာ တိုက်မိတာလို့ မျက်မြင်တွေ့သူတွေက ဆိုပါတယ်။
လက်ရှိအချိန်မှာ လူနာအဘွားအိုကို ရန်ကုန်ဆေးရုံကြီး ပို့ဆောင်ထားပြီး ကားရှေ့ဘီး ကြိတ်မိတဲ့အရှိန်နဲ့ အဘွားအိုရဲ့ ညာဘက်ပေါင်က အရိုးပေါ်တဲ့အထိ စုတ်ပြဲသွားတယ်လို့ သိရတဲ့အပြင် မိသားစုဝင်တွေနဲ့လည်း အဆက်အသွယ်ရပြီလို့ သိရပါတယ်။
ယာဉ်တိုက်မှုဖြစ်ပွားလို့ ထွက်ပြေးသွားတဲ့ ယာဉ်မောင်းကို လိုက်လံစုံစမ်းနေတယ်လို့ သိရပြီး အဆိုပါယာဥ်လိုင်းက တာဝန်ရှိသူတွေကို ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ မေးမြန်းခဲ့ပေမဲ့ ပြန်လည်ဖြေကြားခြင်း မရှိပါဘူး။