မွန်ပြည်နယ်၊ ပေါင်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ်လောင်းဖြစ်ခဲ့ဖူးတဲ့ ဦးကိုကိုလေးဟာ ဖေဖော်ဝါရီ ၁ ရက် ည ၆ နာရီလောက်မှာ သေနတ်နဲ့ ပစ်ခတ်ခံရတာကြောင့် သေဆုံးသွားတယ်လို့ ဒေသခံတွေနဲ့ ပါတီဝင်တွေက ဒီဗွီဘီကို ပြောပါတယ်။
ပေါင်မြို့၊ ပေါင်းရပ်ကွက်၊ ဘူတာလမ်းမှာ နေထိုင်တဲ့ ဦးကိုကိုလေးကို အမည်မသိလူငယ် နှစ်ဦးက ဆိုင်ကယ်နဲ့ လာရောက်ပြီး နေအိမ်မှာပဲ သေနတ်နဲ့ ၇ ချက် ပစ်ခတ်ခဲ့တာပါ။
သေနတ်နဲ့ ပစ်ခတ်ခံရတာကြောင့် ဦးကိုကိုလေးဟာ ရင်ဘတ်နဲ့ နောက်ကျောတွေမှာ သေနတ်ဒဏ်ရာတွေ ရရှိပြီးနောက် မော်လမြိုင်ဆေးရုံသို့ ပို့ဆောင်စဉ် လမ်းမှာပဲ သေဆုံးသွားတယ်လို့ ဆိုပါတယ်။
ဦးကိုကိုလေးဟာ စစ်တပ် အာဏာသိမ်းပြီးနောက် အပြစ်မဲ့ပြည်သူတွေကို မတရားဖမ်းဆီးစေတာ၊ ပျူစောထီးအဖွဲ့တွေကို ငွေကြေးထောက်ပံ့တာ၊ စစ်ကောင်စီ ရွေးကောက်ပွဲ ဖြစ်မြောက်ဖို့ ကြိုးပမ်းနေတာကြောင့် နန်းထိုက်အောင် စစ်ဆင်ရေးအဖြစ် ပစ်ခတ်ရှင်းလင်းလိုက်တာလို့ အထူးစစ်ဆင်ရေးတပ်ဖွဲ့ (S.O.F)က ထုတ်ပြန်ထားပါတယ်။
သေနတ်နဲ့ ပစ်ခတ်ခံခဲ့ရတဲ့ ဦးကိုကိုလေးဟာ ပေါင်မြို့နယ် ကြံ့ခိုင်ရေးပါတီ အလုပ်မှုဆောင်အဖွဲ့ဝင် တစ်ဦး ဖြစ်သလို ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ ပေါင်မြို့နယ်မဲဆန္ဒနယ်အမှတ်(၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပေမယ့် ရှုံးနိမ့်ခဲ့ပါတယ်။
ပြီးခဲ့တဲ့နှစ် အောက်တိုဘာလတုန်းကလည်း ပေါင်မြို့နယ်၊ ပေါင်းရပ်ကွက်နေ ပေါင်မြို့နယ် ကြံ့ခိုင်ရေးပါတီ ဥက္ကဋ္ဌ ဦးကျော်လင်းဦး နေအိမ် ဗုံးခွဲတိုက်ခိုက်ခံခဲ့ရပြီး အဲဒီတိုက်ခိုက်မှုမှာ လူထိခိုက်ဒဏ်ရာတာ မရှိပေမယ့် အဆောက်အဦးတချို့ ထိခိုက်ပျက်စီးခဲ့ပါတယ်။