ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ် မိုးမောက်-လွယ်ဂျယ် ကားလမ်း လောဒန်ကျေးရွာနဲ့ လောမွန်ကြားမှာ မိုးမောက်မြို့ကနေ တက်လာတဲ့ စက်ယန္တရားတင် စစ်ကောင်စီယာဉ်တန်း ဇန်နဝါရီ ၃၁ ရက် မနက် ၈ နာရီဝန်းကျင်က မိုင်းဆွဲတိုက်ခိုက်ခံရတယ်လို့ ကချင်လွတ်မြောက်ရေးတပ်မတော်နဲ့ နီးစပ်သူတွေကပြောပါတယ်။
စက်ယန္တရားတင်တဲ့ ကား ၄ စီးနဲ့ စစ်ကောင်စီတပ်သားတွေ ပါဝင်တဲ့ ကားယာဉ်တန်းဟာ မိုးမောက်မြို့ကနေ မနေ့မနက်ပိုင်းက တက်လာချိန် မိုင်းဆွဲတိုက်ခိုက်ခံရတာ ဖြစ်ပါတယ်။
“မနေ့ကတည်းကနေ တက်လာတာ ကားပေါ်မှာ ဘူဒိုဇာတွေတင်ထားတဲ့ ကားတန်း၊ အဲဒီမှာ စစ်သား(စကစ)တွေကော ပါတယ်။ အဲတာကို လောမွန်နဲ့ လောဒန်ကြားမှာ စစ်သားတွေပါတဲ့ ကားကို မိုင်းခွဲတိုက်ခိုက်ခဲ့တယ်၊ ထိခိုက်သေဆုံးမှုတော့ ရှိနိုင်တယ်၊ အတိအကျတော့ မသိရဘူး” လို့ ပြောပါတယ်။
မိုင်းဆွဲတိုက်ခိုက်မှုကြောင့် မိုးမောက်မြို့ကနေ လွယ်ဂျယ်ကိုသွားတဲ့ ကားတွေကိုလည်း သွားလာခွင့်မပြုထားဘူးလို့ သိရပါတယ်။
လွယ်ဂျယ်ဘက်ကနေ မိုးမောက်မြို့ဘက်ကို အရပ်သားကား ၄ စီးနဲ့ မိုင်းဆွဲတိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရရှိတဲ့ စစ်ကောင်စီတပ်သားတွေလို့ ယူဆရသူတွေကို ဗန်းမော်မြို့ကို သယ်ယူတာတွေလည်း တွေ့ရတယ်လို့ မြို့ခံတွေကနေတဆင့် သိရပါတယ်။
မိုးမောက်မြို့အထွက် လွယ်ဂျယ်ကာလမ်းပေါ်က ကျောက်စခန်းကျေးရွာနဲ့ တဂေါကျေးရွာ ပတ်ဝန်းကျင်တွေမှာလည်း စစ်ကောင်စီစစ်ကြောင်းတွေ လွန်ခဲ့တဲ့ ၂၈ ရက်နေ့ကတည်းက သွားလာလှုပ်ရှားနေတာဖြစ်ပါတယ်။
လွန်ခဲ့တဲ့အပတ်တုန်းကလည်း မိုးမောက်မြို့ပေါ်က ခလရ (၄၃၇) ကို မိုင်းတွေနဲ့ လာရောက်ပစ်ခတ်တာတွေရှိခဲ့ပြီး မိုးမောက်မြို့နဲ့ လွယ်ဂျယ်-မိုးမောက်ကားလမ်းဟာ တပ်မဟာ (၃)၊ တပ်ရင်း(၁၅)က ကချင်လွတ်မြောက်ရေးတပ်သားတွေ လှုပ်ရှားရာဒေသ ဖြစ်ပါတယ်။