မန္တလေးတိုင်း၊ စဥ့်ကူးမြို့နယ်ထဲက ဆည်သည်ကျေးရွာ၊ ဆယ်ပင်ကျွန်းကျေးရွာနဲ့ ရေတော်ကျေးရွာတွေက ပျူစောထီးတွေဟာ စဥ့်ကူးမြို့နဲ့ ထုံးကြီးမြို့ကို စျေးရောင်း စျေးဝယ်သွားတဲ့ ရေယာဥ်မော်တော်တွေကို ဖမ်းဆီးစစ်ဆေးတာတွေ၊ မှတ်ပုံတင်မပါလို့ ငွေညှစ်တာတွေ ရှိနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
စဥ့်ကူးမြို့နယ်ဒေသခံတဦးက “အရင်တခါဆိုရင် မှတ်ပုံတင်မပါလို့ဆိုပြီး ငွေနှစ်သိန်း တောင်းတာတဲ့။ ဟိုတနေ့ကလည်း မော်တော်ပေါ်က ကုန်တွေ သိမ်းတယ်လို့ကြားတယ်။ နိုင်ငံရေးဆိုတာ တကဏ္ဍဗျာ၊ ဒါက ကိုယ့်နားက ကျေးရွာပြည်သူတွေ ကုန်ရောင်းကုန်ဝယ်ကို သက်သက်အနိုင်ကျင့်သလိုပဲ။ သူတို့လုပ်ပုံနဲ့ ပိုပိုရွံကြောက်ဖြစ်လာကြပြီ” လို့ ပြောပါတယ်။
ပျူစောထီးကျေးရွာဖြစ်တဲ့ ဆယ်ပင်ကျွန်းကျေးရွာကို ဒေသခံတော်လှန်ရေးတပ်တွေ လာရောက်တိုက်ခိုက်မှာကို စိုးရိမ်ပူပန်တဲ့အတွက် စစ်ကောင်စီတပ်သားတွေကို လာဘ်ထိုးကာ ဒေသတွင်း ကျေးရွာတွေကို လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ နေ့စဥ်ဆိုသလို ပစ်ခတ်တာတွေ ရှိနေတာပါ။
အဲဒီလို ပစ်ခတ်ရာမှာတော့ လက်နက်ကြီးတလုံးပစ်ရင် ၂ သိန်းကျပ်၊ လက်နက်ငယ် ကျည်တတောင့်ပစ်ရင် ၅,၀၀၀ ကျပ်နှုန်းနဲ့ စစ်ကောင်စီတပ်သားတွေကို ပေးရတာကြောင့် အခုလို ရတဲ့နည်းနဲ့ ငွေရှာနေတာ ဖြစ်နိုင်တယ်လို့ ဒေသခံ တော်လှန်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။
အာဏာသိမ်းပြီးနောက်ပိုင်း လက်နက်ကြီးနဲ့ ပစ်ခတ်မှုတွေဟာ တရက်တည်း အလုံး ၄၀ ထိ ရှိခဲ့ဖူးပြီး အခုအချိန်ထိဆိုရင် စုစုပေါင်း အလုံး ၃၀၀ ကျော် ရှိခဲ့တယ်လို့ ဒေသခံပြည်သူတွေက ဒီဗွီဘီကို အတည်ပြု ပြောဆိုပါတယ်။