ရန်ကုန်တိုင်း၊ ဒဂုံဆိပ်ကမ်းမြို့နယ်၊ ရွှေလီလမ်းနဲ့ ဧရာဝဏ်လမ်း ထောင့်ရှိ ၆၀ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံ ဇန်နဝါရီ ၃၀ ရက် မနေ့ညက ပစ်ခတ်တိုက်ခိုက်ခံရပြီး အုပ်ချုပ်ရေးမှူး ၁ ဦးနဲ့ ရာအိမ်မှူး ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ရပ်ကွက်နေသူတွေဆီက သိရပါတယ်။
မနေ့ည ၉ နာရီဝန်းကျင်က ဧည့်စာရင်းပေးပြီး ရုံးပိတ်ဖို့လုပ်နေချိန် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ကို ဆိုင်ကယ်စီးလာသူတွေက လက်ပစ်ဗုံးနဲ့ပစ်ခဲ့ပြီး သေနတ်နဲ့ပါ ထပ်မံပစ်ခတ်ခဲ့လို့ လေးဦးဒဏ်ရာရရှိခဲ့တာလို့ ရပ်ကွက်နေသူတစ်ဦးက ဒီဗွီဘီကို ပြောပါတယ်။
"ဗုံးအရင်ပေါက်ပြီး သေနတ်သံတွေထွက်လာတာ ငါးချက်လောက်ရှိမယ်။ အဲ့လိုတွေဖြစ်ပြီး မကြာဘူး လူနာတင်ယာဥ်တွေရော စစ်ကားတွေပါ ရောက်လာတာ"လို့ ပြောပါတယ်။
ဗုံးပေါက်ကွဲပြီး သေနတ်နဲ့ပါထပ်မံပစ်ခတ်ခံရလို့ အုပ်ချုပ်ရေးမှူး ၁ဦးနဲ့ ရာအိမ်မှူး ၃ ဦး ထိခိုက်ဒဏ်ရာ ရရှိပြီး စစ်ကောင်စီတပ်တွေက လူနာတင်ယာဥ်နဲ့ဆေးရုံကိုပို့ဆောင်ပေးခဲ့တယ်လို့ အုပ်ချုပ်ရေးနဲ့နီး စပ်သူတစ်ဦးက ဒီဗွီဘီ ကိုပြောပါတယ်။
"ဒဏ်ရာကတော့ လေးဦးစလုံးပြင်းတယ်။ ဘယ်သူသေလဲ၊ ဘယ်ဆေးရုံပို့တယ်ဆိုတာ မသိရဘူး။”
မနေ့မနက်ကလည်း လှိုင်မြို့နယ် ၂ ရပ်ကွက် ဘုရင့်နောင်လမ်း၊ ရတနာမွန်အိမ်ရာမှာ ရွှေဝါဆပ်ပြာစက်ရုံရဲ့ ဒုထွေထွေမန်နေဂျာဦးမြင့်စိုး သေနတ်နဲ့ပစ်ခတ်ခံရပြီး သေဆုံးခဲ့ပါတယ်။