မကွေးတိုင်း ရေစကြို၊ ပေါက်နဲ့ မြိုင်မြို့နယ်တွေမှာ ဇန်နဝါရီ ၂၈ ရက် တရက်တည်း စစ်ကောင်စီ စစ်ကြောင်းတချို့ တိုက်ခိုက်ခံရပြီး ၆ ယောက်ထက်မနည်း သေဆုံးခဲ့တယ်လို့ ဒေသကာကွယ်ရေး အဖွဲ့တွေက ပြောပါတယ်။
မနေ့မနက်ပိုင်းက ရှင်မတောင် တောင်ပေါ်ကနေဆင်းလာတဲ့ စစ်ကောင်စီတပ်ရဲ့ ရှေ့ပြေးဆိုင်ကယ် ၂ စီး၊ ထော်လာဂျီ ၁ စီးနဲ့ ခြေလျင်တပ်ဖွဲ့တွေကို ထန်တိုရွာနဲ့ ဘောင်ဘဲ့ရွာကြားမှာ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ တိုက်ခိုက်ရာမှာ ထော်လာဂျီပေါ်လိုက်ပါလာတဲ့ စစ်ကောင်စီတပ်သား ၆ ယောက် သေဆုံးခဲ့တယ်လို့ ရေစကြို ပ.က.ဖ ခေါင်းဆောင် ရဲဘော်ဝေကြီးက ပြောပါတယ်။
တိုက်ခိုက်မှုကို ပခုက္ကူခရိုင် တပ်ရင်း(၉)၊ မြိုင် ပ.က.ဖ တပ်ရင်း(၂)၊ လျှပ်စီးပြောက်ကျား တပ်ဖွဲ့၊ သံမဏိသိန်းငှက်ပြောက်ကျားတပ်ဖွဲ့တို့နဲ့အတူ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး ရှေ့ပြေးဆိုင်ကယ် ၂ စီးနဲ့ အနောက်ကနေ လက်နက်တွေနဲ့ ဆက်တိုက်ပစ်ခတ်ပြီး ဆင်းလာတဲ့ စစ်ကောင်စီ တပ်သားတွေကိုတော့ တိုက်ခိုက်တာတွေ မလုပ်တော့ဘဲ ထိခိုက်မှုမရှိ ဆုတ်ခွာနိုင်ခဲ့ကြတယ်လို့ ဆိုပါတယ်။
အဲဒီနေ့ မနက် ၅ နာရီလောက်မှာလည်း ပေါက်နဲ့ မြိုင်မြို့နယ်အစပ်က ကံသစ်ရွာ အခြေပြု စစ်ကြောင်းကို ပေါက်ကျေးရွာကာကွယ်ရေးတပ်ဖွဲ့နဲ့ ပူးပေါင်းကာ ဒရုန်းနဲ့ အီနာဂါဗုံးသီး ၁၈ လုံး ဖြုတ်ချတိုက်ခိုက်ရာမှာ ၃ ယောက် ဒဏ်ရာရသွားတယ်လို့ မြိုင် ပ.က.ဖ တပ်ရင်း(၁)တပ်ရင်းမှူး ဗိုလ်လက်ယာက ပြောပါတယ်။
အဲဒီစစ်ကြောင်းကို ကံသစ်ရွာက ထွက်လာချိန် မနက် ၈ နာရီလောက်မှာလည်း မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး ထိခိုက်သူ ရှိနိုင်ပေမဲ့ အတိအကျ မသိရသေးဘူးလို့ ဆိုပါတယ်။
ဒါ့အပြင် ဖောကား ၄ စီးနဲ့ လာတဲ့ စစ်ကြောင်းကို လာကြိုတဲ့ ဖလံကိုင်းရဲစခန်းက စစ်သားနဲ့ ရဲ အယောက် ၂၀ လောက်ကို မနေ့ညနေပိုင်းက ကျောက်တိုင်ခင်လမ်းခွဲ ဇရပ်နားမှာ စောင့်နေတဲ့ချိန် ဒရုန်းနဲ့ အီနာဂါဗုံးသီး ၃ လုံး ဖြုတ်ချ တိုက်ခိုက်ခဲ့တယ်လို့ ဗိုလ်လက်ယာက ပြောပါတယ်။
အဲဒီတိုက်ခိုက်မှုအတွင်းမှာတော့ စစ်ကောင်စီဘက်က နောက်ထပ် ၃ ယောက်ဒဏ်ရာရရှိပြီး ညနေ ၄ နာရီ မိနစ် ၄၀ မှာ ဖလံကိုင်းကျေးရွာ ဘုန်းကြီးကျောင်းမှာ အခြေပြု တပ်စွဲထားတယ်လို့ ဆိုပါတယ်။
ဖြစ်စဉ်တွေနဲ့ပတ်သက်လို့ စစ်ကောင်စီက သတင်း မထုတ်ပြန်ပါဘူး။