(၁)
၁၉၆၄ ခုနှစ်လောက်ကပါ...။ တောင်ဗီယက်နမ်မှာ ကမ္ဘာ့အင်အားအကြီးဆုံး အမေရိကန်တပ်တွေနဲ့ တောင်ဗီယက်နမ် ရုပ်သေးအစိုးရ ငုယင်ကောင်ကီးရဲ့တပ်တွေ ဖရိုဖရဲ စစ်ရှုံးနေတုန်း။ မြောက်ဗီယက်နမ်နဲ့ တောင်ဗီယက်နမ် လွတ်မြောက်ရေးတပ်တွေက မြို့တော် ဆိုင်ဂုံကို ဝိုင်းထားတဲ့အချိန်...။
မနက်ခင်း လက်ဖက်ရည်ဆိုင် ထိုင်ကြတဲ့အခါ သတင်းစာကို စားပွဲပေါ်မှာဖြန့်ပြီး ကျနော်တို့က ဗီယက်နမ်စစ်ပွဲမြေပုံကို ဝိုင်းစုမှတ်သားနေခဲ့ကြပါတယ်။ ဗီယက်နမ်တော်လှန်ရေးလက်တွေထဲ ကျသွားတဲ့ တောင်ဗီယက်နမ်မြို့တွေ တမြို့ပြီးတမြို့ကို ကျနော်တို့လက်ထဲက မင်နီချောင်းနဲ့ ဝိုင်းပတ် မှတ်သားလိုက်ကြပါတယ်။
ကျနော်တို့ဟာ အဲဒီတုန်းက ဗီယက်နမ်မျိုးချစ်တပ်တွေဘက်က ရပ်တည်ပြီး နေ့စဉ် လက်ဖက်ရည်ဆိုင် ရင်ခုန်သံစည်းချက်နဲ့ စစ်ပွဲကြီးတပွဲကို စောင့်ကြည့်နေကြတဲ့အချိန်။
မှတ်မိပါသေးတယ်။ ကိုခါး (ကိုခါး-ကွမ်းခြံကုန်း မဟုတ်ပါ) က ဆံပင်ကျောထောက်နဲ့။ ကိုဦး (ကဗျာဆရာ မင်းခိုင်ဦး) က ခေါင်းလောင်းဘောင်းဘီနဲ့။ ကိုစန်းမောင် (ပဲခူးမြို့က ရှေ့နေကြီး ဦးစန်းမောင်) က လည်ကတုံးအင်္ကျီနဲ့။ ကျနော်ကတော့ ရင်ဘတ် ကြယ်သီးဖြုတ်အင်္ကျီ ချက်ပြုတ်ပုဆိုးနဲ့။
ဒီတုန်းက ပဲခူးမြို့က ကျနော်တို့လူငယ်တသိုက်... မော်စီတုံးရဲ့ ကဗျာတပုဒ် ခေါင်းစီးကိုယူပြီး “ဆီးပွင့်” ဆိုတဲ့ ဘာသာပြန်ကဗျာစာအုပ် ထုတ်ခဲ့ကြပါတယ်။ အရှိန်အဟုန်ကြီးကြီးနဲ့ တက်လာနေတဲ့ တကမ္ဘာလုံးက အမျိုးသားလွတ်မြောက်ရေး တိုက်ပွဲတွေကို ဂုဏ်ပြုတဲ့အနေနဲ့ “ဒီရေ” ဆိုတဲ့ ကဗျာစာအုပ်ကိုလည်း ထုတ်ခဲ့ကြပါတယ်။
အခု… နှစ်ပေါင်း လေးဆယ်ကျော် ငါးဆယ်… ကြာပြီးတဲ့နောက်။ ကြည်မောင်သန်းရဲ့ “ကဗျာ ၁၀၀ နှင့် ကဗျာဆရာကွယ်လွန်ခြင်း” ကဗျာစာအုပ်ထဲက “သူတို့” ဆိုတဲ့ ကဗျာတပုဒ်ကို ဖတ်မိတဲ့အခါ ကျနော့်မှာ မှတ်မှတ်ထင်ထင် အလွမ်းမြစ်ထဲ မျှောလိုက်မိတယ်။
သူတို့
သူတို့
တပြိုင်နက် ဆံပင်ရှည်ထားကြ
ဘီးတယ်လ်သီချင်းတွေ နားထောင်ကြ
ခေါင်းလောင်းဘောင်းဘီတွေ ဝတ်ကြ
ဗီယက်နမ်စစ်ကို ဆန့်ကျင်ကြ
သူတို့
အသံသစ်တွေနဲ့ ဧည့်ဝတ်ကျေပြွန်ခဲ့ကြတယ်။
သူတို့
တပြိုင်နက် လက်ဖက်ရည်ဆိုင်ထိုင် ရီဝေကြ
ပင့်ကူအိမ်ထဲက ပိုးကောင်တွေလို ဘဝ
ရုတ်တရက် ဂေါ်ဘာချော့ဗ်၊ ဘာလင်တံတိုင်းနဲ့
အရှေ့ဥရောပကို အာရုံစိုက်မိကြ
သံကန့်လန့်ကာကို ဆွဲဖွင့်ကြ
သူတို့
ကမ္ဘာကြီးကို လက်နဲ့ဆွခဲ့ကြတယ်။
သူတို့
တပြိုင်နက် ဆံပင်တွေ အရောင်ဆိုးကြ
ဟစ်ဟော့သီချင်းတွေ နားထောင်ကြ
ကွန်ပျူတာနဲ့ထိတွေ့ကြ
ဂိမ်းစ်တွေ ကစားကြရင်း
အနိုင်ရတာကို အရသာတွေ့ကြ
သူတို့
ကောက်ကွေ့တဲ့မြစ်ကို ဆွဲဆန့်နိုင်ကြပါ့မလား...။
(၂)
လွတ်လပ်မှုရဲ့ သင်္ကေတဟာ
ကမ်းခြေတစ်ခုလို့ဆိုရင်
ဟိုမှာ
ကမ်းခြေတစ်ခု အဓွန့်ရှည်ဖို့
မာကျောကျောရုပ်ရည်နဲ့
အကာအကွယ်တွေ ပေးနေသူတွေ...။
(ကြည်မောင်သန်းရဲ့ ကျောက်ဆောင်များ ကဗျာမှ...)
ကျနော်တို့ခေတ်တုန်းကတော့ ဗန်းမော်တင်အောင်ဆိုတာလည်း မာကျောကျော စိတ်ဓာတ်ရုပ်ရည်နဲ့ပါပဲ။ ကျွန်းအစာငတ်ခံတိုက်ပွဲမှာ ကျဆုံးသွားတဲ့ ကိုလေးမောင် ဆိုတာလည်း မာကျောကျော ရုပ်ရည်နဲ့ပါပဲ။ အနှစ်နှစ်ဆယ်ကို ရေးသွားတဲ့ ဗိုလ်မှူးချစ်ကောင်း ဆိုတာလည်း မာကျောကျောရုပ်ရည်နဲ့ပါပဲ။
ကျနော်တို့ဟာ ကျနော်တို့ခေတ်မှာ လေးစားရမယ့်သူကို တလေးတစား ရှာခဲ့ကြတယ်။ ကျောက်ဆောင်တွေကို ဘယ်သူတွေ ကာကွယ်ဖို့ ကြိုးစားခဲ့ကြသလဲဆိုတာ သိချင်ခဲ့ကြတယ် ဆိုပါတော့။
အဲဒီ မာကျောကျောရုပ်ရည်နဲ့လူတွေဟာ ကျောက်ဆောင်ကို ကာကွယ်ရင်းနဲ့ ကျဆုံးသွားခဲ့ကြသလို ကျနော်တို့ကကော ကျနော်တို့ခေတ်ကြီးအတွက် ဘာတွေများ သက်ပြင်းတွေ ချွေခဲ့ကြသလဲ။ ကျနော်တို့ ကမ္ဘာမြေကြီးအတွက် ဧည့်ဝတ်ကျေခဲ့ကြပါရဲ့လား။
နှစ်တွေလည်း ရူးသလို ပေါသလို ကုန်ဆုံးသွားခဲ့ပြီ
ဒီလိုအနေအထားမှာ
သေသွားတဲ့ သူငယ်ချင်းတွေကို သတိရတယ်
မသေမရှင် သူငယ်ချင်းတွေနဲ့
သေချင်ယောင်ဆောင်နေတဲ့ သူငယ်ချင်းတို့ရေ
တို့နောက်က ဆံပင် နီကြောင်ကြောင် မျိုးဆက်ကို
တို့ ဘာတွေ လက်ဆင့်ကမ်းနိုင်ခဲ့ပါသလဲ။
(ကြည်မောင်သန်းရဲ့ သူငယ်ချင်း အပြင်းပြေဖတ်ဖို့ ကဗျာ..မှ)
ဒီကဗျာပိုဒ်ကိုဖတ်တော့ ကိုယ့်အတ္တ ပုဂ္ဂလိက ဒိုင်ယာရီထဲမှာ ကမ္ဘာကြီးကို မျက်ကွယ်ပြုသွားကြတဲ့ ကဗျာဆရာတိုက်မောင်းကို သတိရတယ်။ ရသစာရေးဆရာ နိုင်ဝင်းဆွေကို သတိရတယ်။ သေချင်ယောင်ဆောင်နေတဲ့ ကဗျာဆရာမ မိဆူးပွင့်ကို သတိရတယ်။ မသေမရှင်ဖြစ်နေတဲ့ ကိုယ့်ကိုယ်ကို သတိရတယ်။
တချိန်ကတော့ ဟုတ်ပါတယ်...။ ကြည်မောင်သန်းရဲ့ ကဗျာတပုဒ်ထဲကလို ကျနော်တို့ဟာ ဟစ်ပီယောင်ယောင် ဂျစ်ပစီယောင်ယောင်နဲ့ စနစ်တခုရဲ့ သားကောင်ဖြစ်ခဲ့ကြပေမဲ့ ကျနော်တို့ ဓားတောင်ကိုကျော်ပြီး မီးပင်လယ်ကို ဖြတ်နိုင်ခဲ့တာပဲ မဟုတ်လား။ ကျနော်တို့ ဖြတ်သန်းခဲ့ကြတာပဲ မဟုတ်လား။ အချုပ်ခန်းတွေ ထောင်တွေ ရဲဘက်စခန်းတွေ ပိုက်လုံးကြီးတွေ ရထားသံလမ်းတွေ ဘူတာရုံတွေ ပလက်ဖောင်းတွေ ဒုက္ခသည်စခန်းကြီးတွေ၊ အရက်ဆိုင်တွေကို ဖြတ်သန်းရင်း… ကျနော်တို့ စစ်အေးခေတ်ကြီးကို ထားခဲ့ကြတာပဲ မဟုတ်လား။ တပါတီအာဏာရှင်စနစ်ကို ရင်ဆိုင်ဖြတ်ကျော်ဖို့ ကြိုးစားခဲ့ကြတာပဲ မဟုတ်လား။
တချို့က ကျေနပ်လိုက်ကြတယ်။ ကျေနပ်လိုက်တာနဲ့တပြိုင်နက် လွတ်လပ်မှုဟာ ကျဆုံးသွားပြီဆိုတာ မသိလိုက်ကြဘူးလေ။
မီးတိုင်အောက်က မျက်လုံးတစုံဟာ အခုတော့ ညကပွဲခန်းမထဲမှာ ရောင်းအားမြှင့် မျက်လုံးတစုံအဖြစ် ဈေးကွက်စီးပွားရေးဆန်လာတာ ကျနော်တို့ သတိပြုမိပါရဲ့လား။
ကျနော်တို့က တစက်မှ မယိုဖိတ်ရအောင် နေချင်ခဲ့ကြတာပါ။ ဒါပေမဲ့ တာကျိုးတဲ့အသံကြီးကသာ ခေတ်ကြီးတခုလုံးကို လွှမ်းသွားခဲ့တယ်။
အ ကာလ
စိန်ပန်းတွေ မြေခ
ဆိတ်ဖလူးရနံ့မွှေးမြ
အသံမဲ့ ကြယ်တွေ ကြွေကျ
အ ကာလ။
ကလေးရယ်
မင်းကို မွေးတဲ့အခါ
ကံဆိုးမိုးမှောင်ကျ
အ ကာလ။
ကလေးရယ်
မင်းအမေ အပြင်းအထန် ချီတက်ခဲ့ရ
မင်းအဖေ အသည်းအသန် ထွန်ယက်ခဲ့ရ
အ ကာလ။
တကယ်တော့ ကလေးရယ်
သေသေချာချာ တွေးကြည့်တော့မှ
အ ကာလဆိုတာ
ညတညရဲ့ ဈာပန ဖြစ်နေရဲ့။
တခါတရံမှာ ကျနော်တို့ ထောင်ချောက်တွေထဲ ဆင်းခဲ့မိကြတာလည်း ရှိတယ်။ ဒီခေတ်ရဲ့ ထောင်ချောက်တွေက ဥပဓိရုပ်မငြိမ်ဘူးလေ။ အရောင်စုံလွန်း ထွေထွေပြားပြားဖြစ်လွန်းတော့ ထောင်ချောက်တွေက ဗို့အားမြှင့်ဖို့ မလိုလောက်အောင်ကိုပဲ အနံ့ပြင်းတယ်။ ဒီလိုနဲ့ ဆယ်ယောက်ရှိရင် ဆယ်ယောက်၊ နှစ်ယောက်ရှိရင် နှစ်ယောက် လမ်းတွေကွဲကြရတယ်။ ကျနော်ဆုတောင်းတယ်လေ...။ လမ်းဆုံတနေရာမှာတော့ ထောင်ခြောက်ထဲက လူတချို့ ပြန်ဆုံနိုင်ကောင်းရဲ့လို့ပေါ့။ ပိန်းပိတ်အောင် မှောင်လွန်းတဲ့ ခေတ်ကြီးတခေတ်ရဲ့ ဈာပနကို အတူတူ လိုက်ပို့လို့ ရစကောင်းရဲ့ပေါ့။
ဘယ်လိုပဲဖြစ်ဖြစ် စာအုပ်တအုပ် သေနတ်တလက်နဲ့ လက်တင်အမေရိကတိုက်က လူငယ်တယောက်ကို ကျနော်တို့ အားကျခဲ့ဖူးတာ ကောင်းပါတယ်။ အင်းစိန်ထောင်ထဲက လှဲပစ်လိုက်တဲ့ သမိုင်းဝင် ဆိတ်ဖလူးပင်ကို လွမ်းတတ်တာ ကောင်းပါတယ်။ ကိုဗဟိန်းက လရောင်အောက်မှာထိုင်ပြီး ခင်မကြီးဆီ စာရေးခဲ့တာ ကောင်းပါတယ်။
ကဗျာဆရာတယောက်က ကဗျာစာအုပ်တအုပ်ထဲမှာ ကဗျာပုဒ်ရေ ၁၀၀ နဲ့ လောကကြီးကို ကြိုးပစ်ပြီး ဖမ်းဖို့ကြိုးစားသွားတာ ပိုပြီးကောင်းပါတယ်။
(၃)
ကြည်မောင်သန်း ရဲ့ “ကဗျာ ၁၀၀ နှင့် ကဗျာဆရာ ကွယ်လွန်ခြင်း” ကဗျာစာအုပ်ကို ဖတ်ရှုခံစားကြည့်ခဲ့တာပါ။
ဒီကဗျာစာအုပ်ထဲမှာ “ကြည်မောင်သန်း” ရဲ့ စာပေလောကအတွင်း စတင်ခြေချတဲ့ကဗျာ “ဆူးလေလမ်း၏ ရာဇဝင်” ကဗျာ၊ ဟန်သစ်မဂ္ဂဇင်း အယ်ဒီတာအဖွဲ့ရဲ့ ၁၉၉၄ တနှစ်အတွင်း အကြိုက်ဆုံးကဗျာ “ဖြောင့်ချက်”၊ မန္တလေးစာဖတ်သူများရဲ့ အကောင်းဆုံးကဗျာဆုရ ကဗျာ (၁၉၉၈) “လက်”၊ ၂၀၀၆ ပျဉ်းမနား အလယ်ရိုးမ ခေတ်ပေါ်ကဗျာဆုရ “တောင်အမေရိကကို သွားချင်တယ်” ကဗျာ၊ ၂၀၀၆ ရွှေအမြုတေစာပေဆု (ကဗျာ) အဖြစ် “အာရှတိုက်ရဲ့ တစ်နေရာ”၊ ၂၀၀၆ ရွှေဘိုမြို့ ပန်းကဗျာ ခေတ်ပေါ်ကဗျာဆုရ “ငါလည်းတစ်နေ့” ကဗျာတွေကို ထည့်သွင်းဖော်ပြပါရှိတာ တွေ့ရလို့ ပိုမိုစိတ်ဝင်စား ခံစားခဲ့ရ။
(၄)
“ကြည်မောင်သန်း” ရဲ့ “ကဗျာ ၁၀၀ နှင့် ကဗျာဆရာကွယ်လွန်ခြင်း” ကဗျာစာအုပ်ကို ကျနော် ဖတ်ခဲ့ပါတယ်။ မေးခွန်းတွေလည်း မေးမိသွားပါတယ်။
ကျနော်တို့ရဲ့ တံပိုးတန်းခေတ်မှာ ကောက်ကွေ့တဲ့မြစ်ကို ဆန့်အောင် ဆံပင်နီကြောင်ကြောင် လူငယ်တွေ တကယ်ကြိုးစားနေကြမယ်ဆိုတာကိုတော့ ယုံကြည်လျက်...။
ရာဇဝင်မြစ်ကတော့ တံတားအောက်မှာ စီးဆင်းသွားနေလျက်...။ ။
ငြိမ်းဝေ(ကဗျာ့အိုးဝေ)