ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် မဟာမုနိဘုရားရင်ပြင်ပေါ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သား ၄ ယောက်က ဘုရားနားရှိ စိုက်ခင်းတခု၊ တဲတဆောင်နဲ့ ရေစုပ်စက်တလုံးတို့ကို ဇန်နဝါရီ ၂၇ ရက်ညက ဖျက်ဆီးမီးရှို့ခဲ့တယ်လို့ ဒေသခံမျက်မြင်တွေက ပြောပါတယ်။
မဟာမုနိ ဘုရားရင်ပြင်မှာ တပ်စွဲထားတဲ့ တပ်မ ၅၅ က စစ်သားတွေဟာ မကြာခဏဆိုသလို ဘုရားအနီးအနား ဟင်းခင်းတွေက လာရောက်ခူးစွတ်တာလည်းရှိပြီး အခကြေးငွေလည်း ပေးတာ မရှိဘူးလို့ ဟင်းခင်းစိုက်ပျိုးသူတွေက ပြောပါတယ်။
ဘုရားရင်ပြင်ပေါ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီ တပ်သားတွေဟာ မနေ့ညနေကလည်း ဟင်းရွက်တွေ လာရောက်ခူးယူခဲ့ကြပြီး ပိုင်ရှင်မိသွားလို့ ခြိမ်းခြောက်ခဲ့ကာ ည ၇ နာရီလောက်မှာ မီးရှို့ခဲ့တာလို့ ဒေသခံမျက်မြင်တဦးက ပြောပါတယ်။
"မနေ့ညက မဟာမုနိဘုရားအရှေ့မြောက်ဘက် ၃ ဖာလုံအကွာလောက်က စိုက်ခင်းတခုမှာ စစ်သား ၃ ဦးက ဟင်းလာခူးကြတယ်။ အဲဒီမှာ ပိုင်ရှင်တွေနဲ့ တွေ့ကြတော့ ဟန့်တားခဲ့တယ်။ ညနေ ၇ နာရီကျော် လောက်မှာတော့ ဟင်းခင်းက ငရုပ်ပင်တွေ အကုန်ကို ခုတ်ဖျက်ဆီး သွားခဲ့တယ်။ သွပ်မိုးထားတဲ့ တဲတဆောင်နဲ့ ရေစုတ်စက်တလုံးကိုလည်း မီးရှို့ ဖျက်ဆီး သွားခဲ့တယ်။ ဆုံးရှုံးမှု တန်ဖိုးကတော့ ကျပ်သိန်း ၅၀ ကျော်လောက်ရှိတယ်။"
မဟာမုနိ ဘုရားရင်ပြင်ပေါ်မှာ ၂၀၂၁ ခုနှစ် နှစ်ကတည်းက တပ်စွဲထားတာဖြစ်ပြီး လက်ရှိမှာ တပ်မ ၅၅ က တပ်သား ၆၀ နီးပါးနဲ့ ရဲတပ်သား ၂၀ ကျော် အခိုင်အမာတပ်စွဲထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒ့ါအပြင် ကျောက်တော်မြို့နယ် တင်းမကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေဟာ လည်း ၂၀၂၀ ပြည့်နှစ်ကတည်း ရွာလုံးကျွတ် စစ်ဘေးတိမ်ရှောင်နေကြရတဲ့ ရွာသားတွေရဲ့ ပိုင်ဆိုင်တဲ့ ကျွဲ၊နွားတွေကို သတ်ဖြတ်ပြီး စားသောက်နေကြတာကြောင့် ကျွဲ၊ နွား အကောင်ရေ ၄ ထောင်ကျော်မှာ ရာဂဏန်းလောက်သာ ကျန်တော့တယ်လို့ ကျေးရွာသားတွေက ပြောပါတယ်။