တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ ပလမြို့ရှိ ဇာဒီကျေးရွာမှာ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကြား ဇန်နဝါရီ ၂၆ ရက် ညနေ ၆ နာရီလောက်ကစပြီး တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
တိုက်ပွဲဖြစ်ပြီးနောက် စစ်ကောင်စီခန့်ထားတဲ့ ပစ်ထောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရဲ့ နေအိမ် တလုံးနဲ့ စပါးသိမ်းဆည်းထားတဲ့နေရာကို မီးရှို့ခံခဲ့ရတယ်လို့ ဒေသခံတဦးက ဆိုပါတယ်။
“ဒီအုပ်ချုပ်ရေးမှူးကြောင့် အရင်လက ရွာသားတချို့ အဖမ်းခံရတယ်။ စစ်ကောင်စီတွေနဲ့ပေါင်းပြီး ရွာထဲမှာ သောင်းကြမ်းတာတွေ လုပ်တယ်။ အရင်တခါကလည်း သူ့လယ်ကွင်းတခု မီးရှို့ခံရသေးတယ်။”
အဲဒီအုပ်ချုပ်ရေးမှူးနေအိမ် မီးရှို့ခံရပြီးနောက် အနီးရှိ နေအိမ်တချို့လည်း မီးကူးစက်လောင်ကျွမ်းခဲ့တယ်လို့ သိရပါတယ်။
အဆိုပါမီးရှို့တာကို ဘယ်အဖွဲ့က လုပ်ဆောင်ခဲ့တယ်ဆိုတာ ဒီဗွီဘီအနေနဲ့ အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။
အဆိုပါတိုက်ပွဲဖြစ်ပြီးနောက် ပလမြို့ပေါ်မှာ စစ်ကောင်စီတပ်က လုံခြုံရေးတင်းကျပ်ထားတယ်လို့ သိရပါတယ်။