ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကျုံဒိုးမြို့အနီးက ကျေးရွာတွေမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေမှာ အကြမ်းဖက်စစ်ကောင်စီတပ်တွေကို ဒေသခံ တိုင်းရင်းသားလက်နက်ကိုင် တပ်တွေဖြစ်တဲ့ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ KNDO တပ်ရင်းတွေနဲ့အတူ DKBA စစ်ကြောင်းကပါ ပူးပေါင်းတိုက်ခိုက်ခဲ့ပြီး တိုက်ပွဲ ၆ ရက်တာအတွင်း စစ်ကောင်စီဘက်က အယောက် ၉၀ ကျော် သေဆုံးခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။
ကျုံဒိုးမြို့အနီးက ကော့ကျိုက်၊ အံဂလုံနဲ့ ကမ်းနီ စံပြကျေးရွာတွေအတွင်း ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၀ ကနေ ၂၆ ရက်အထိ နယ်မြေကျူးကျော် ဝင်ရောက်တပ်စွဲလာတဲ့ အကြမ်းဖက်စစ်ကောင်စီ တပ်မ-၄၄ လက်အောက်ခံတပ်တွေ၊ အရှေ့တောင်ပိုင်းတိုင်းလက်အောက်ခံတပ်တွေ အင်အား ၁၅၀ လောက်ရှိတဲ့ စစ်ကြောင်းနဲ့ KTL Army ရဲ့ ဗျူဟာမှူး ဗိုလ်အယ်စေးဝါ ဦးဆောင်တဲ့ Lion Battelion Commando - ဗျူဟာစစ်ကြောင်း၊ KNU/KNDO အမှတ်-၆ တပ်ရင်း၊ ဂဠုန်စစ်ကြောင်းနဲ့ DKBA ပူးပေါင်းစစ်ကြောင်းတွေကြား တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့တာပါ။
အဆိုပါတိုက်ပွဲတွေအတွင်း အကြမ်းဖက်စစ်ကောင်စီဘက်က ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရရှိသူ အယောက် ၅၀ ကျော်ထိရှိခဲ့ပြီး ကမ်းနီစံပြကျေးရွာထဲကို အကြမ်းဖက်စစ်ကောင်စီရဲ့ အမှတ်-၅၄၅/၅၄၆ အမြောက်တပ်က လက်နက်ကြီးအကြိမ်ရေ ၂၀၀ ကျော် ပစ်ခတ်ခဲ့ပြီး လေကြောင်းစစ်ကူအနေနဲ့ JY/130 တိုက်လေယာဉ်၊ Mi35 လေယာဉ်တွေ အသုံးပြုကာ ၁၀ ကြိမ်ထက်မနည်း ဗုံးကြဲတိုက်ခိုက်ခဲ့ကြတယ်လို့ ဆိုပါတယ်။
၆ ရက်တာတိုက်ပွဲအတွင်း KNDO အမှတ်-၆ တပ်ရင်းဘက်ကတော့ တပ်ခွဲမှူး ဗိုလ်စောလင်းဌေးနဲ့ ရဲဘော် ၂ ယောက် တိုင်းပြည်နဲ့လူမျိုးအတွက် အသက်ပေးလှူခဲ့ရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
လတ်တလောမှာတော့ အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ်ဖမ်းဆီး တိုက်ခိုက်သတ်ဖြတ်နေမှုတွေကို ပြည်သူလူထုတရပ်လုံးက အသက်ရှင်သန်ရေးအတွက် ခုခံကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ခုခံစစ်ကို ဆင်နွှဲနေကြတာဖြစ်ပြီး နိုင်ငံတဝန်းမှာတော့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တွေ၊ တိုင်းရင်းသားလက်နက်ကိုင် တပ်တွေနဲ့ အကြမ်းဖက်စစ်ကောင်စီတပ်တွေကြား တိုက်ပွဲတွေ နေရာအနှံ့ ဖြစ်ပွားနေပါတယ်။