အာဏာမသိမ်းခင်ကတည်းက ရှိနှင့်နေပြီးသားဖြစ်တဲ့ ဥရောပကုန်သည်ကြီးများ အစည်းအရုံးဝင်လုပ်ငန်း အားလုံးနီးပါးဟာ ရွေးကောက်ခံအစိုးရဆီကနေ မြန်မာစစ်တပ်က အာဏာလုယူခဲ့တာကြောင့် ပြည်တွင်းစစ်တွေ ဖြစ်နေခဲ့တာ နှစ်နှစ်နီးပါး ကြာလာပြီဖြစ်တဲ့ အခုချိန်ထိ မြန်မာနိုင်ငံထဲမှာ လုပ်ငန်းတွေ လည်ပတ်နေဆဲ ဖြစ်ပါတယ်။
လူပေါင်း ၂,၇၀၀ ကျော် သေဆုံးခဲ့ပြီး တသန်းကျော် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရတဲ့ အာဏာသိမ်းမှု နောက်ပိုင်း ပဋိပက္ခတွေကြောင့် မြန်မာနိုင်ငံတွင်းက နိုင်ငံတကာ စီးပွားရေးလုပ်ငန်းတွေအတွက် ကျင့်ဝတ်ပိုင်းဆိုင်ရာ မေးခွန်းထုတ်စရာတွေ ရှိလာခဲ့ပါတယ်။
ဥရောပသမဂ္ဂအနေနဲ့လည်း စစ်အာဏာရှင် အရာရှိတွေ၊ သူတို့နဲ့ ပတ်သက်ဆက်နွှယ်နေတဲ့ လုပ်ငန်းတွေကို စီးပွားရေးပိတ်ဆို့မှုတွေ ချမှတ်တာ ၅ ကြိမ်ရှိခဲ့ပြီ ဖြစ်ပါတယ်။ ဒါပေမဲ့ တကယ်လို့သာ လုပ်ငန်းတွေရပ်တန့်ခဲ့ရင် စစ်တပ်ကိုထိခိုက်မှာမဟုတ်ဘဲ လုပ်ငန်းနဲ့ ဆက်စပ်နေတဲ့ အသိုင်းအဝိုင်းနဲ့ ဝန်ထမ်းတွေကို အဓိကထိခိုက်စေမှာဖြစ်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ မြန်မာနိုင်ငံနဲ့ ကုန်သွယ်ရေးဆိုင်ရာ အခွင့်အရေးတွေကို ဥရောပ စီးပွားရေးလုပ်ငန်းတွေက လက်မလွှတ်ကြသေးပါဘူး။
“စီးပွားရေးလုပ်ငန်းတွေနဲ့ စက်ရုံတွေကို ရပ်တန့်လိုက်မယ်ဆိုရင် သက်ဆိုင်ရာ လူမှုအသိုင်းအဝိုင်းကို အရင်ဆုံး ထိခိုက်စေမှာဖြစ်ပြီး အခုလက်ရှိ နိုင်ငံရေးပြဿနာတွေရဲ့ ဒဏ်ကို ရင်ဆိုင်ခံစားနေကြရတဲ့ မြန်မာနိုင်ငံသားတွေရဲ့ ဆင်းရဲမှုကို ပိုမိုကြီးထွားလာစေမယ် ဆိုတာ မေးနေစရာမလိုအောင် သေချာတယ်” လို့ မြန်မာနိုင်ငံဆိုင်ရာ ဂျာမန်စီးပွားရေးလုပ်ငန်းရှင်များ အစည်းအရုံးရဲ့ CEO ဖြစ်သူ မာတင်ခရမ်မက်ခ်က DW သတင်းဌာနကို ပြောပါတယ်။
မြန်မာနိုင်ငံက ဥရောပအထည်ချုပ်လုပ်ငန်းများဆိုင်ရာ အဖွဲ့အစည်းဖြစ်တဲ့ EuroCham Myanmar ကလည်း ဇန်နဝါရီလ ၂၀၂၂ ခုနှစ်က ထုတ်ပြန်တဲ့ သူတို့ရဲ့အစီရင်ခံစာမှာ တကယ်လို့ မြန်မာနိုင်ငံကနေ ဥရောပကုမ္ပဏီတွေ ထွက်ခွာခဲ့မယ်ဆိုရင် ကျန်နေခဲ့တဲ့ စက်ရုံတွေဟာ အလုပ်သမားအခွင့်အရေးအပေါ် လေးစားလိုက်နာမှု ပိုမိုလျော့နည်းတဲ့ နိုင်ငံတွေက ရင်းနှီးမြှုပ်နှံသူတွေလက်ထဲ ရောက်သွားနိုင်တယ်လို့ ဖော်ပြထားပါတယ်။
ဇူလိုင်လအတွင်းမှာ ကမ္ဘာ့ဘဏ်က နောက်ဆုံးထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာအရ မြန်မာနိုင်ငံမှာ ဆင်းရဲမွဲတေမှုနှုန်း ၄၀ ရာခိုင်နှုန်း ခုန်တက်လာခဲ့ပြီး ဒါဟာ ၁၅ နှစ်အတွင်းမှာ အမြင့်မားဆုံးနှုန်း ဖြစ်တယ်လို့ ဆိုပါတယ်။
သူ့ရဲ့အဖွဲ့အစည်းဟာ မြန်မာနိုင်ငံမှာ လက်ရှိအာဏာလုယူထားတဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံမှု မရှိဘူးလို့ မာတင်ခရမ်မက်ခ် ပြောပါတယ်။ DW ရဲ့ မေးမြန်းမှုကို ပြန်လည်တုံ့ပြန်ခဲ့ကြတဲ့ စီးပွားရေးအဖွဲ့အစည်းတွေ အားလုံးကလည်း မြန်မာစစ်တပ်နဲ့ ဆက်နွှယ်နေတဲ့ ကုမ္ပဏီတွေနဲ့ စီးပွားရေးပူးပေါင်းဆောင်ရွက်ခြင်း မလုပ်ဖို့ သူတို့ရဲ့ လုပ်ငန်းတွေမှာ ခိုင်မာတဲ့မူဝါဒတွေ ချမှတ်ထားကြောင်း ပြန်လည်ဖြေကြားခဲ့ကြပါတယ်။
“လက်ရှိအဖြစ်အပျက်တွေပေါ်မှာ ကျနော်တို့က တော်တော်ကို စိတ်ပျက်ပါတယ်” လို့ မြန်မာနိုင်ငံဆိုင်ရာ ဗြိတိသျှစီးပွားရေးလုပ်ငန်းရှင်များအသင်း (BritCham) ရဲ့ CEO ဖြစ်သူ ပီတာခရိုးရပ်စ်ကလည်း ပြောပါတယ်။
“မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံရပ်ခြားအစည်းအရုံးတွေ ပူးပေါင်းထုတ်ပြန်ခဲ့တဲ့ ထုတ်ပြန်ချက်တွေမှာ ပူးပေါင်းပါဝင်ခဲ့သလို BritCham ဟာ နိုင်ငံရေးနဲ့ မပတ်သက်အောင် နေခဲ့ပြီး ရေရှည်အကျိုးအမြတ်ရှိမယ့် မြန်မာ့စီးပွားရေးလုပ်ငန်းတွေနဲ့ မြန်မာနိုင်ငံသားတွေကို ဆက်လက်ထောက်ပံ့ ကူညီသွားမှာ ဖြစ်ပါတယ်။ ကျနော်တို့အဖွဲ့ဝင်တွေအနေနဲ့ အနာဂတ်အတွက် အခြေခံအုတ်မြစ်နဲ့ အလားအလာကောင်းတွေကို ထောက်ပံ့မှု ဆက်လက်ရရှိနေမှာ ဖြစ်ပါတယ်” လို့ ခရိုးရပ်စ်က ပြောပါတယ်။
သူသိရသလောက်လည်း ဘယ်နိုင်ငံတကာ စီးပွားရေးလုပ်ငန်းရှင်များ အစည်းအရုံးကမှ မြန်မာနိုင်ငံထဲက ထွက်သွားခြင်း မရှိသေးသလို နိုင်ငံတကာကုမ္ပဏီအများစုကလည်း မြန်မာနိုင်ငံကနေ မထွက်ခွာဖို့ ရွေးချယ်ခဲ့ကြတယ်လို့ ခရိုးရပ်စ်က ပြောပါတယ်။
မြန်မာနိုင်ငံအတွင်း လုပ်ကိုင်နေကြတဲ့ နိုင်ငံခြားစီးပွားရေးလုပ်ငန်းတွေရဲ့ လက်ရှိ နိုင်ငံရေးပဋိပက္ခတွေအပေါ် တုံ့ပြန်မှုတွေဟာ တပုံစံတည်းတော့ မဟုတ်ကြပါဘူး။ ပြင်သစ်ရေနံကုမ္ပဏီကြီးဖြစ်တဲ့ TotalEnergies နဲ့ မြန်မာနိုင်ငံမှာ ဒုတိယမြောက် အကြီးဆုံး ဆက်သွယ်ရေးလုပ်ငန်း ဖြစ်ခဲ့တဲ့ နော်ဝေနိုင်ငံအခြေစိုက် တယ်လီနောတို့ အပါအဝင် ကုမ္ပဏီကြီးအချို့ကတော့ မြန်မာနိုင်ငံကနေ ထွက်ခွာသွားခဲ့ကြပါတယ်။
ဗြိတိသျှအခြေစိုက် ယူနီလီးဗားနဲ့ နယ်သာလန်အခြေစိုက် ဟိုင်နီကန်ဘီယာတို့လို မြန်မာနိုင်ငံမှာ ဆက်လက်လုပ်ကိုင်နေတဲ့ ကုမ္ပဏီကြီးတွေလည်း ရှိနေပါတယ်။
နယ်စည်းမခြားသတင်းထောက်များအဖွဲ့ကနေ ပြင်သစ်ရဲ့ နိုင်ငံတကာကုမ္ပဏီ Thales နဲ့ ဂျာမန်ကားထုတ်လုပ်ရေးကုမ္ပဏီ MAN တို့ အပါအဝင် နိုင်ငံခြားစီးပွားရေးလုပ်ငန်းတချို့ကို မြန်မာစစ်တပ်ရဲ့ အကြမ်းဖက်မှုတွေကို သွယ်ဝိုက်ထောက်ပံ့နေကြောင်း ပြစ်တင် စွပ်စွဲခဲ့တာတွေလည်း ရှိခဲ့ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ဥရောပသမဂ္ဂက ဘာမှတ်ချက်မှ မပေးခဲ့သလို ဒီအပေါ်မှာလည်း အဖွဲ့ဝင်နိုင်ငံတွေကြား ထင်မြင်ချက်တွေ ကွဲလွဲလျက်ရှိပါတယ်။
“စီးပွားရေးတွေ ပိတ်ဆို့ရပ်တန့်လိုက်တာဟာ အကြမ်းဖက်လုပ်ငန်းတွေ ရပ်တန့်သွားစေဖို့ လွယ်ကူမြန်ဆန်တဲ့ ဖြေရှင်းနည်းလို့ ထင်ရပေမဲ့ အကောင်းဆုံး အရေးယူမှုတခုတော့ မဖြစ်နိုင်ဘူး” လို့ ဥရောပပါလီမန်ရဲ့ ဒုဥက္ကဋ္ဌလည်းဖြစ် အရှေ့တောင်အာရှဆိုင်ရာ ဥရောပပါလီမန် ကိုယ်စားလှယ်များ အဖွဲ့ဝင်လည်းဖြစ်တဲ့ ဟိုင်းဒီဟူတာလာက ပြောပါတယ်။
“စီးပွားရေးလုပ်ငန်းတွေ ရပ်တန့် ရုပ်သိမ်းလိုက်တာဟာ ဒီအပေါ်မှာ မှီခိုနေရတဲ့ ဝန်ထမ်းတွေရဲ့ ဘဝကို အများကြီး ထိခိုက်စေနိုင်ပါတယ်။ အထူးသဖြင့် အထည်ချုပ်လုပ်ငန်းထဲမှာဆိုရင် အမျိုးသမီးထု အများစုကို ပိုပြီးထိခိုက်စေနိုင်တယ်” လို့ သူကပြောပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် ဥရောပအာဏာပိုင်တွေဟာ မြန်မာ့အထည်ချုပ်လုပ်ငန်းတွေအပေါ်မှာ အလွန်အမင်း အာရုံစိုက်နေကြတယ်ဆိုတဲ့ အဆိုပြုချက်တွေလည်း ရှိနေပါတယ်။
အာဏာသိမ်းပြီးနောက် ရက်သတ္တပတ်အနည်းငယ်အတွင်းမှာ ထုတ်ပြန်ခဲ့တဲ့ EuroCham ရဲ့ အစီရင်ခံစာထဲမှာလည်း မြန်မာနိုင်ငံရဲ့ အထည်ချုပ်လုပ်ငန်းတွေဟာ မြန်မာစစ်တပ်ကို တိုက်ရိုက်အကျိုးပြုမှု အနည်းငယ်သာရှိကြောင်း ဖော်ပြထားပါတယ်။ ဒါပေမဲ့ DW သတင်းဌာနရဲ့ လေ့လာစုံစမ်းမှုအရ မြန်မာနိုင်ငံဆိုင်ရာ ဂျာမန်လုပ်ငန်းရှင်များ အစည်းအရုံးရဲ့ ဝက်ဘ်ဆိုက်မှာ ဖော်ပြထားတဲ့ မြန်မာနိုင်ငံအတွင်းက ဂျာမန်လုပ်ငန်း ၈၂ ခုမှာ ၃ ခုကသာ အထည်ချုပ်လုပ်ငန်းနဲ့ သက်ဆိုင်ကြောင်း တွေ့ရှိရပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလအတွင်းမှာ ရွေးချယ်ခဲ့တဲ့ BritCham Myanmar ရဲ့ ဒါရိုက်တာအဖွဲ့ဝင်တွေ ဟာလည်း အထည်ချုပ်လုပ်ငန်းကမဟုတ်ဘဲ ဘဏ်လုပ်ငန်း၊ အာမခံလုပ်ငန်း၊ ပညာရေးလုပ်ငန်းတွေနဲ့ စီးပွားရေးလုပ်ငန်းစုကြီးတွေရဲ့ ဒါရိုက်တာတွေသာ ဖြစ်ကြပါတယ်။
IndustriAll Global Union နဲ့ industriAll European Trade Union အပါအဝင် နိုင်ငံတကာ ကုန်သွယ်ရေးသမဂ္ဂအချို့ကတော့ “မြန်မာနိုင်ငံသားတွေနဲ့ အလုပ်သမားတွေကို မထိခိုက်စေဘဲနဲ့ မြန်မာနိုင်ငံမှာ စီးပွားရေးလုပ်လို့ မရနိုင်ဘူး”လို့ မှတ်ချက်ပေးရင်း မြန်မာနိုင်ငံနဲ့ ကုန်သွယ်ရေးဆိုင်ရာ အခွင့်အလမ်းတွေအားလုံးကို ရပ်တန့်လိုက်ဖို့နဲ့ မြန်မာနိုင်ငံနဲ့ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုတွေ အားလုံးမှာ စည်းကမ်းတင်းကျပ်မှုတွေ တိုးမြှင့်ဖို့ ဥရောပသမဂ္ဂကို တောင်းဆိုခဲ့ကြပါတယ်။
စီးပွားရေးလုပ်ငန်းတွေကနေတဆင့် စစ်အာဏာရှင်တွေရဲ့ အုပ်ချုပ်မှုကို သွယ်ဝိုက် တရားဝင်အသိအမှတ်ပြုမှု ဒါမှမဟုတ် ငွေကြေးထောက်ပံ့မှု ရှိနေတာဟာ လက်ခံနိုင်စရာ မဟုတ်တာကြောင့် မြန်မာနိုင်ငံအတွင်းမှာ လုပ်ဆောင်နေတဲ့ စီးပွားရေးလုပ်ငန်းတွေအနေနဲ့ မိမိတို့ရဲ့ လုပ်ငန်းတွေကို သေချာစွာ ပြန်လည်စိစစ်သင့်တယ်လို့ ဟူတာလာက ပြောပါတယ်။
ဒါဖြင့်ရင် ကျင့်ဝတ်ပိုင်းဆိုင်ရာ မေးခွန်းတွေကနေ စစ်အာဏာရှင်တွေကို သွယ်ဝိုက် ထောက်ပံ့ကူညီနေသလားဆိုတဲ့ မေးခွန်း ပေါ်ပေါက်လာစေခဲ့ပါတယ်။
ဆလိုဗက်ကီးယားနိုင်ငံအခြေစိုက် မြန်မာ့အရေးအထူးပြု ဘာသာရပ်ပေါင်းစုံသုတေသီ ခရစ္စတီးနာ ခီရွန်ကာကလည်း “မြန်မာနိုင်ငံအတွင်းမှာ လည်ပတ်နေဆဲ ဥရောပကုန်သည်ကြီးများ အစည်းအရုံးဝင် လုပ်ငန်းတွေဟာ ဥပဒေနဲ့မညီတဲ့ အာဏာသိမ်း အုပ်ချုပ်မှုကို တရားဝင်နေသယောင် စစ်ဗိုလ်ချုပ်တွေကိုသာမက တကမ္ဘာလုံးကို မှားယွင်းစွာ ထင်မြင်ယူဆစေတယ်” လို့ ပြောပါတယ်။
“နိုင်ငံအတွင်းကနေပဲ အပြောင်းအလဲကို ဖော်ဆောင်မယ်လို့ သူတို့က ပြောနေကြပေမဲ့ ဒါမျိုးက ဘယ်တုန်းကမှ အလုပ်မဖြစ်ခဲ့သလို အခုလည်း အလုပ်ဖြစ်မှာ မဟုတ်ပါဘူး။ လက်တွေ့မှာ ဖိနှိပ်အုပ်ချုပ်နေသူတွေကိုပဲ ကူညီရာရောက်နေပါတယ်” လို့ သူက ဆက်ပြောခဲ့ပါတယ်။
ကုမ္ပဏီအမြောက်အမြားက နိုင်ငံထဲမှာ လုပ်ငန်းတွေ ဆက်လက်ဆောင်ရွက်ဖို့ ရွေးချယ်ခဲ့ကြတဲ့ အပေါ်မှာ သူတို့ရဲ့လုပ်ငန်းတွေ ဆက်လက်လည်ပတ်နေခြင်းအားဖြင့် မြန်မာနိုင်ငံဟာ ပုံမှန်အတိုင်း ပြန်လည် လည်ပတ်နေပြီဆိုတဲ့ ပိုပြီးတော့အားကောင်းတဲ့ ထင်မြင်ယူဆချက်ကို ဖြစ်စေတယ်လို့ သုတေသီအချို့က ယူဆကြပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလအတွင်းမှာ ပြုလုပ်ခဲ့တဲ့ နှစ်စဉ်ကျင်းပမြဲ အထွေထွေအစည်းအဝေး ပြီးနောက်မှာ BritCham Myanmar က ၂၀၂၂ ခုနှစ်အတွင်း သူတို့ရဲ့ အဖွဲ့ဝင် ၈၅ ရာခိုင်နှုန်းဟာ ခိုင်မာစွာ ဆက်လက်တည်ရှိနေဆဲဖြစ်ကြောင်း ဂုဏ်ယူစွာနဲ့ ထုတ်ပြန်ခဲ့ပါတယ်။ ဒါ့အပြင် အဖွဲ့ဝင်သစ် ၄၀ ကိုလည်း လက်ခံခဲ့ပါတယ်။
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အသစ်တခုတိုးလာတိုင်း စစ်အာဏာရှင်တွေကို အကျိုးအမြတ် ရှိစေသလား ဆိုတာဟာလည်း ငြင်းခုန်စရာခေါင်းစဉ် နောက်တခုဖြစ်ပါတယ်။
“နိုင်ငံထဲမှာ နိုင်ငံခြားကုမ္ပဏီတွေက လုပ်ငန်းတွေလာလုပ်တိုင်းမှာ ဒီအကြမ်းဖက်စစ်တပ်က ငွေလဲနှုန်းကွာဟချက်ကနေ အကျိုးအမြတ်တွေရနေတာ ထင်ရှားပါတယ်” လို့ အမျိုးသားညီညတ်ရေးအစိုးရရဲ့ ချက်သမ္မတနိုင်ငံကိုယ်စားလှယ် ဦးလင်းသန့်က ပြောပါတယ်။
တခြားတဖက်မှာလည်း ပြီးခဲ့တဲ့ ဧပြီလမှာ စစ်ကောင်စီက ထုတ်ပြန်ခဲ့တဲ့ ပြည်တွင်းရောင်းဝယ်မှုကနေ ရရှိတဲ့ နိုင်ငံခြားငွေတွေကို ၂၄ နာရီအတွင်း မြန်မာကျပ်ငွေအဖြစ် ပြောင်းလဲရမယ်ဆိုတဲ့ အမိန့်ကို ဥရောပလုပ်ငန်းရှင် အစည်းအရုံးများက စုပေါင်းပြီး ဆန့်ကျင်ခဲ့တာကြောင့် စစ်အာဏာရှင်တွေဟာ သူတို့ရဲ့အမိန့်ကို ပြန်လည်ပြုပြင်ခဲ့ရပါတယ်။
ဒါဟာ စစ်အာဏာရှင်တွေရဲ့ လက်အောက်ခံ ဗဟိုဘဏ်ကနေ နိုင်ငံခြားအရံငွေတွေ ပိုမိုရရှိအောင် ဆောင်ရွက်တာဖြစ်ပြီး ပို့ကုန်လုပ်ငန်းရှင်တွေဆီကနေလည်း အခွန်များကို လက်တွေ့ မြေပြင်မှာ စည်းကြပ်ကောက်ခံနေကြောင်း ပြီးခဲ့တဲ့ဇူလိုင်လက ထုတ်ပြန်ခဲ့တဲ့ ကမ္ဘာ့ဘဏ်ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
အဲဒီနောက် ရက်သတ္တပတ်အနည်းငယ်အကြာမှာ ဗဟိုဘဏ်က သူတို့ထုတ်ပြန်ခဲ့တဲ့ အမိန့်ပေါ်မှာ နိုင်ငံခြားကုမ္ပဏီတွေနဲ့ လုပ်ငန်းတွေကို ပလပ်ကာ ခြွင်းချက်အဖြစ် ပြန်လည်သတ်မှတ်ပေးခဲ့ရပါတယ်။
မူလအမိန့်အတိုင်းသာ ဆောင်ရွက်ရမယ်ဆိုရင် “မြန်မာနိုင်ငံသားတွေရဲ့ဘဝဟာ မလိုအပ်ဘဲ ပိုမိုနိမ့်ကျသွားမယ်၊ နိုင်ငံရပ်ခြားလုပ်ငန်းတွေနဲ့ ဆောင်ရွက်နေတဲ့ စီးပွားရေးတွေ ရပ်တန့်သွားမယ်၊ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုတွေ ရပ်တန့်သွားမယ်၊ တခြားတိုင်းပြည်တွေနဲ့ ကုန်သွယ်ရေးမှာ ပိုမိုခက်ခဲလာစေမယ်”လို့ နိုင်ငံခြားစီးပွားရေးလုပ်ငန်း အစည်းအရုံးတွေက သူတို့ရဲ့ စုပေါင်းထုတ်ပြန်ချက်မှာ သတိပေးခဲ့ကြတာ ဖြစ်ပါတယ်။
နောက်ထပ်ပြဿနာတခုကတော့ အခွန်ကိစ္စပဲဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ လုပ်ကိုင်နေဆဲ ဖြစ်တဲ့ ဥရောပစီးပွားရေးလုပ်ငန်းတွေအနေနဲ့ စစ်အာဏာရှင်တွေကို အခွန်ဘယ်နှစ်ရာခိုင်နှုန်း ပေးဆောင်နေကြရတယ်ဆိုတာ ရှင်းရှင်းလင်းလင်း မရှိပါဘူး။
ကမ္ဘာ့ဘဏ်ကထုတ်ပြန်တဲ့ အချက်အလက်တွေအရ အလတ်စား ဥရောပလုပ်ငန်းတွေရဲ့ ၅၆ ရာခိုင်နှုန်းနဲ့ အကြီးစား ဥရောပကုမ္ပဏီတွေရဲ့ ၅၇ ရာခိုင်နှုန်းဟာ ပြီးခဲ့တဲ့သုံးလအတွင်း အခွန်ပေးဆောင်ခဲ့ခြင်း မရှိဘူးလို့ သိရပါတယ်။ ဒါပေမဲ့လည်း ဒီပမာဏဟာ နိုင်ငံတွင်းက ပိုမိုသေးငယ်တဲ့ စီးပွားရေးလုပ်ငန်းတွေကနေ ရရှိတဲ့ ဝင်ငွေထက် များစွာနည်းပါးပါတယ်။
“မြန်မာနိုင်ငံမှာ စီးပွားရေးလုပ်ငန်းတွေ ဆက်လုပ်နေရင်းနဲ့ တရားမဝင်တဲ့ အခွန်တွေကို ပေးဆောင်နေတာဟာ လက်တွေ့မှာတော့ စစ်တပ်ရဲ့ အကြမ်းဖက်မှုတွေအတွက် ထောက်ပံ့ကူညီပေးနေရာရောက်တယ်”လို့ ပြီးခဲ့တဲ့နှစ်မှာ ထုတ်ပြန်ခဲ့တဲ့ နယ်စည်းမခြား သတင်းထောက်များ အဖွဲ့ရဲ့ အစီရင်ခံစာမှာ ရေးသားထားပါတယ်။
“စစ်အာဏာရှင်တွေကို အခွန်မပေးကြဘဲ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ နိုင်ငံခြားဘဏ်အကောင့်တွေမှာ ပေးသွင်းကြဖို့” နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေကို အမျိုးသားညီညွတ်ရေးအစိုးရက တိုက်တွန်းတောင်းဆိုတယ်” လို့ သံတမန်ဖြစ်သူ ဦးလင်းသန့်က DW သတင်းဌာနကို ပြောပါတယ်။
“အကြမ်းဖက်စစ်ကောင်စီကို ဘဏ္ဍာရေးအရ ထောက်ပံ့ပေးနေတယ်ဆိုရင် ဒါဟာ ကျင့်ဝတ်ဖောက်ဖျက်တာပဲဖြစ်တယ်” လို့ သူကပြောပါတယ်။
အခုချိန်မှာတော့ စစ်အာဏာရှင်တွေကို ၂ နှစ်အတွင်း အနိုင်တိုက်နိုင်မယ်လို့ ယုံကြည်နေတဲ့ NUG ဟာ နိုင်ငံတွင်းကနေ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ အပြီးတိုင်ထွက်သွားမှာကိုလည်း မလိုလားပါဘူး။ နိုင်ငံတွင်းက သူတို့ထိန်းချုပ်နိုင်တဲ့ နယ်မြေတွေမှာ လုပ်ကိုင်နေကြတဲ့ နိုင်ငံခြားစီးပွားရေးလုပ်ငန်းတွေဆီကနေ အခွန်ပိုမိုရရှိရေးအတွက် စည်းရုံးလှုံ့ဆော်မှုတခုကို မကြာခင်ကပဲ NUG က စတင်ဆောင်ရွက်ခဲ့ပါတယ်။
ဒေးဗစ်ဟက်
(ဂျာမန်အခြေစိုက် DW သတင်းဌာနဝက်ဆိုက်မှာ ရေးသားဖော်ပြထားတဲ့ ဆောင်းပါးရှင် David Hutt ရေးသားထားတဲ့ “Should EU Chambers of Commerce be in business in Myanmar?” ဆောင်းပါးကို ဘာသာပြန်ဆိုဖော်ပြထားတာဖြစ်ပါတယ်။)