မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ကျူချောင်ကျေးရွာမှာ ဇန်နဝါရီ ၂၆ ရက် မနက် ၇ နာရီခွဲက သထုံခရိုင် PDF တာဝန်ခံ ကိုအေးမင်းထွန်းရဲ့ ဦးလေးတော်စပ်တဲ့ သက်တော် ၆၀ အရွယ်ရှိ ဘုန်းကြီးတပါး သေနတ်နဲ့ ပစ်ခတ်ခံခဲ့ရတယ်လို့ ဒေသခံတွေက ဒီဗွီဘီကို ပြောပါတယ်။
ဆွမ်းခံကြွပြီး ပြန်လာစဉ် ကျူချောင်ကျေးရွာထိပ် ဇရပ်မှာ သေနတ်နဲ့ ပစ်ခတ်ခံလိုက်ရတာ ဖြစ်ပြီး ဘုန်းကြီးရဲ့ ဆီးခုံအပါအဝင် ညာဘက်တင်ပါးနဲ့ လက်မောင်းတွေမှာ ကျည်ဝင်ဖောက်ဒဏ်ရာ ၆ ချက် ရရှိခဲ့လို့ ကျိုက်ထိုဆေးရုံကို ပို့ဆောင်ထားရပါတယ်။
ဘုန်းကြီးရဲ့ တူဖြစ်သူ သထုံခရိုင် PDF တာဝန်ခံ ကိုအေးမင်းထွန်းက “ဦးလေးက ကျနော့်အဖေ ညီအရင်းပါ။ အရင် သူ ဘုန်းကြီးမလုပ်ခင် ပြည်သူ့စစ်တွေ ဘာတွေ လုပ်ခဲ့သေးတယ်။ ကျနော်နဲ့တော့ အဆက်အသွယ်မရှိတာ ကြာပြီ။ ဘယ်အဖွဲ့က ပစ်တာလဲဆိုတာ စုံစမ်းနေတယ်။ ဒီဘက်ကလုပ်တယ်ဆိုရင် ကျနော် မသိစရာ အကြောင်းမရှိဘူး” လို့ ဒီဗွီဘီကို ပြောပါတယ်။
ဒဏ်ရာရသွားတဲ့ ဘုန်းကြီးရဲ့ လူအမည်ဟာ ဦးမောင်ဝင်းဖြစ်ပြီး အရင်က ယာဉ်ထိန်းရဲဝန်ထမ်းဟောင်းတဦး ဖြစ်သလို ပြည်သူ့စစ်အဖွဲ့ဝင်ဟောင်းလည်းဖြစ်ပြီး သင်္ကန်းဝတ်သွားတာ ၆ လလောက်ရှိပြီလို့ သိရပါတယ်။
သထုံခရိုင် PDF တာဝန်ခံရဲ့ မိသားစုဝင်တွေဖြစ်တဲ့ မိခင်ဖြစ်သူ ဒေါ်နော်ဆပ်တဖူး (ခ) ဒေါ်တင်ရွှေ၊ ညီဖြစ်သူ ကိုကျော်စိုးအေးနဲ့ ညီမဖြစ်သူ မခိုင်ခိုင်အေးတို့ဟာလည်း ပြီးခဲ့တဲ့နှစ် ဇွန်လ ၁၅ ရက်နေ့မှာ စစ်ကောင်စီတပ်က ဓားစာခံအဖြစ် ဖမ်းဆီးခံခဲ့ရပါတယ်။
အဲဒီနောက်မှာတော့ မိခင်ဖြစ်သူကို စစ်ကောင်စီက ပြန်လွှတ်ပေးခဲ့ပေမဲ့ ညီဖြစ်သူနဲ့ ညီမဖြစ်သူတို့ကို ၆ လကျော်ကြာ ဖမ်းဆီးထားပြီးနောက် ၇၅ နှစ်ပြည့် လွတ်လပ်ရေးနေ့မှာ ပြန်လွှတ်ပေးခဲ့တာ ဖြစ်ပါတယ်။