ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကျုံဒိုးမြို့ကမ်းနားပိုင်း အရှေ့ဘက်ကမ်း ညောင်ရိပ်သာရွာရှိ ပြည်သူလူထုနေအိမ်တွေကို ဇန်နဝါရီ ၂၆ ရက် ဒီမနက် ၉ နာရီဝန်းကျင်လောက်မှာ စစ်ကောင်စီက စတင် အကြမ်းဖက် မီးရှို့ဖျက်ဆီးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အိမ်ခြေ ၁၀၀ လောက်ရှိတဲ့ ညောင်ရိပ်သာရွာ အခုအချိန်အထိ မီးလောင်နေဆဲဖြစ်ပြီး အိမ်အရေအတွက် ဘယ်လောက် မီးထဲပါသွားတယ်ဆိုတာ လတ်တလော မသိရသေးတဲ့ အကြောင်းနဲ့ ရွာသားတွေကတော့ တိုက်ပွဲဖြစ်တာနဲ့ စစ်ဘေးရှောင်နေကြတယ်လို့ KNLA သတင်းအရင်းမြစ်က ပြောပါတယ်။
ကျုံဒိုးမြို့နားမှာ စစ်ကောင်စီတပ်တွေနဲ့ KNLA ပူးပေါင်းတပ်ဖွဲ့တွေ ဇန်နဝါရီ ၂၀ ရက်ကစပြီး ဒီနေ့အထိ တိုက်ပွဲတွေဖြစ်နေရာမှာ ကျုံဒိုး ကမ်းနီဘက်မှာတော့ မနေ့ညကနေ ဒီမနက်အထိ တိုက်ပွဲပြင်းထန်နေကာ စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးတွေနဲ့ပစ်ခတ်နေသလို လေကြောင်းပစ်ကူပေးနေတယ်လို့လည်း ပြောပါတယ်။
စစ်ကောင်စီဘက်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေလို့ ကျုံဒိုးမြို့ပေါ်အပါအဝင် အနီးနားကျေးရွာတွေက ဒေသခံတွေက ဘေးလွတ်ရာနေရာတွေကို ထွက်ပြေးနေကြရပြီး ဒေသခံတချို့ရဲ့နေအိမ်တွေပေါ် လက်နက်ကြီး ကျရောက်ပြီး မီးလောင်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။
အဆိုပါတိုက်ပွဲတွေကြောင့် ကျုံဒိုး ကမ်းနီအပါဝင် မွန်ကရင်အများစုနေထိုင်ကြတဲ့ ရွာပေါင်း ၉ ရွာလောက်ဟာ ထောင်နဲ့ချီစစ်ဘေးရှောင်တွေအရေးပေါ်လူသားချင်းစာနာမှု အကူညီ တွေလိုအပ်နေတယ်လို့ သိရပါတယ်။
လက်ရှိ စစ်ဘေးရှောင်ပြည်သူတွေက နဘူး၊ ဘားအံနဲ့ မော်လမြိုင်အပြင် နီးစပ်ရာ တော တောင်တွေထဲ ထွက်ပြေးနေရပြီး စားနပ်ရိက္ခာနဲ့ နေရာထိုင်ခင်းတွေ အရေးပေါ်လိုအပ်နေတယ်လို့ ထွက်ပြေးတိမ်းရှောင်တဲ့ ဒေသခံတစ်ဦးက ဒီဗွီဘီကို ပြောပါတယ်။
မနေ့ညပိုင်းအထိ စစ်ကောင်စီဘက်က Mi 35 ရဟတ်ယာဉ်တွေအသုံးပြုပြီး လေကြောင်းတိုက်ခိုက်နေသလို ဘားအံမြို့ပေါ်ကနေ ရဟတ်ယာဉ်တွေက ကော့ကရိတ်ဘက်ကို ခေါက်တုံ့ ခေါက်ပြန် ပျံသန်းနေတယ်လို့ မြို့ခံတွေက ဆိုပါတယ်။
အခုတိုက်ပွဲမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုများပြားတယ်လို့ မြေပြင်မှာရောက်ရှိနေတဲ့ ပူးပေါင်းတပ်ဖွဲ့က ရဲဘော်တစ်ယောက်က ပြောပေမယ့် စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုကိုတော့ သီးခြားအတည်မပြုနိုင်သေးပါဘူး။