‘ဝ’ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်မြို့နယ်၊ နမ့်မုန်းရွာမှာ ဇန်နဝါရီ ၂၄ ရက် မနက်ပိုင်းကစပြီး ဟိုပန်မြို့နယ်မှာရှိတဲ့ ရွာပေါင်း ၁၇ ရွာ စုပေါင်းကာ ၁၀ ကြိမ်မြောက် လားဟူ စာပေနဲ့ယဉ်ကျေးမှု စုပေါင်းနှစ်သစ်ကူးပွဲတော် ကျင်းပပါတယ်။
လားဟူ စုပေါင်းနှစ်သစ်ကူးပွဲတော်ကို နှစ်တိုင်းပြုလုပ်လာတာဖြစ်ပေမဲ့ ပြီးခဲ့တဲ့နှစ်တွေက ကိုဗစ်ရောဂါနဲ့ စစ်အာဏာသိမ်းတဲ့ အခြေအနေတွေကြောင့် ၃ နှစ်တာ ရပ်နားခဲ့ပြီး ၂၀၂၂ ခုနှစ်ကစကာ ပြန်လည်ကျင်းပနေတာလည်း ဖြစ်ပါတယ်။
အခုနှစ်မှာပြုလုပ်တဲ့ ၁၀ ကြိမ်မြောက် လားဟူ စာပေနဲ့ယဉ်ကျေးမှု စုပေါင်းနှစ်သစ်ကူးပွဲတော်ကို ရွာပေါင်း ၁၇ ရွာက လူဦးရေ ၃၀၀ ထက်မနည်း လာရောက် ပါဝင်ဆင်နွှဲခဲ့ကြတယ်လို့ လားဟူ စာပေနဲ့ယဉ်ကျေးမှု စုပေါင်းနှစ်သစ်ကူးပွဲတော် ဥက္ကဋ္ဌ ဦးကျာအေက ဒီဗွီဘီကို ပြောပါတယ်။
ဇန်နဝါရီ ၂၀ ရက် ညပိုင်းက လားဟူနှစ်သစ်ကို ကြိုကြပြီး ဇန်နဝါရီ ၂၁ ရက်မှာတော့ ခေါပုတ်ထောင်းကာ ဘိုးဘွားမိဘဆွေမျိုးတွေကို ကန်တေ့ာကြတာပါ။ ဇန်နဝါရီ ၂၁ ရက်နဲ့ ၂၄ ရက်ဟာ အခါကြီးနေ့ဖြစ်ပြီး ၂၄ ရက်မှာတော့ စုပေါင်းနှစ်သစ်ကူးပြုလုပ်ကာ ဇန်နဝါရီလကုန်ထိ အလုပ်နားကြပြီး နှစ်သစ်ကူးပွဲကို ဆင်နွှဲကြတာလည်း ဖြစ်ပါတယ်။
ထင်းရှူးပင် အညွန့်ထွက်ချိန်၊ ချယ်ရီပန်းနဲ့ မက်မွန်ပန်းပွင့်ချိန်တွေမှာ နှစ်သစ်ကူးပွဲတော်ကို ရှေးဘိုးဘွားလက်ထက်ကတည်းက ပြုလုပ်ကြတာဖြစ်ပြီး သက်ကြီးရွယ်အိုတွေကို ကန်တေ့ာကြရတာလည်း ဖြစ်ပါတယ်။