ရှမ်းပြည်နယ် ဟိုပန်နဲ့ ပန်လုံဒေသကို ‘၀’ ပြည်နယ် ပြည်သူ့အစိုးရထံ လွှဲပြောင်း လက်ခံတဲ့ အခမ်းအနားကို ဇန်နဝါရီ ၁၀ ရက်က ဟိုပန်မြို့ မြို့တော်ခန်းမမှာ ကျင်းပခဲ့တယ်လို့ ‘၀’ ရုပ်သံ ချန်နယ်က သတင်းထုတ်ထားပါတယ်။
ဒီအခမ်းအနားကို ဗဟို‘၀’ပြည်နယ်ပြည်သူ့အစိုးရကိုယ်စား မိုင်းမောခရိုင်မှူးနဲ့ ဌာနဆိုင်ရာတာဝန်ရှိသူတွေက တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။
ဒေသခံ တဦးက “ဟိုပန်တို့ ပန်လုံတို့က ပွင့်ပွင့်လင်းလင်း ပြောရရင် ‘ဝ’တိုင်းထဲမှာ ပါတယ်လေ။ ‘ဝ’ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်းလေ။ ဒါပေမဲ့ စစ်ကောင်စီရဲ့ အာဏာသက်ရောက်တဲ့ နေရာ” လို့ ပြောပါတယ်။
ဟိုပန်နဲ့ ပန်လုံမြို့တွေကို ညီနောင်မဟာမိတ်တပ်တွေက ပြီးခဲ့တဲ့ ဇန်နဝါရီ ၅ ရက်က ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး UWSA ထံကို လွှဲပြောင်းပေးခဲ့တာလို့ ဆိုပါတယ်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှာတော့ ဟိုပန်မြို့ဟာ ‘၀’ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းရဲ့ မြို့တော်အဖြစ် သတ်မှတ်ထားတာ ဖြစ်ပါတယ်။