ပြည်သူ့ကာကွယ်ရေးတပ်တွေ တိုက်ခိုက်သိမ်းပိုက်ထားတဲ့ စစ်ကိုင်းတိုင်း၊ ကောလင်းမြို့မှာ စစ်ကောင်စီရဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုကို ကြိုတင် ကာကွယ်နိုင်ဖို့ ကောလင်းမြို့နယ်ပြည်သူအုပ်ချုပ်ရေးနဲ့ လူမှုကူညီရေးအဖွဲ့တွေက ဇန်နဝါရီ ၁၀ ရက်မှာ ပူးပေါင်းဆောင်ရွက်ခဲ့ပါတယ်။
ကောလင်း ပြည်သူမှ ပြည်သူသို့အဖွဲ့ တာဝန်ရှိသူက "အဓိက က ဥဩသံကြားရင် လုံခြုံတဲ့နေရာတွေ မှာနေကြဖို့ နှိုးဆော်ပေးတာပါ။ ကောလင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးနဲ့ လူမှုကူညီရေးအဖွဲ့တွေရဲ့ ပူးပေါင်းဆောင်ရွက်မှုပါ" လို့ ပြောပါတယ်။
ကောလင်းမြို့ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ မဟာမိတ်ပူးပေါင်းအဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်ပြီးနောက် ဝန်းသိုမြို့ရှိ စစ်တပ်စခန်းဘက်ကနေ အဝေးပစ် လက်နက်ကြီးတွေနဲ့ မကြာခဏ ပစ်ခတ်ပြီးလေကြောင်းကနေလည်း ဗုံးကြဲတိုက်ခိုက်တယ်လို့ ဒေသခံတွေကပြောပါတယ်။
လုံခြုံရေးအရ အမည်မဖော်လိုသူ မြို့ခံတစ်ဦးက “သူတို့က ရမ်းပစ်တာ ဟိုတလောက လက်နက်ကြီးနဲ့ပစ်လို့ ဈေးထဲကျပြီး ထိခိုက်သေဆုံးတာတွေရှိတယ် " လို့ ဆိုပါတယ်။
ဇန်နဝါရီ ၈ ရက်နေ့လယ်က ဝန်းသိုမြို့ အခြေစိုက် ခမရ ၁၂၀ တပ်ကနေ ဟောင်ဝစ်ဇာ အဝေးပစ် လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့ရာ ကောလင်းမြို့ထဲကို ၂ လုံးကျ ပေါက်ကွဲခဲ့တယ်။
ဒီဇင်ဘာ ၂၈ ရက်က ပစ်ခတ်ရာမှာတော့ လူသေဆုံးပြီး လူနေအိမ် အဆောက်အဦတချို့လည်း ထိခိုက်ပျက်ဆီးခဲ့ကာ စစ်တပ်က မြို့ကို လက်လွှတ်လိုက်ရပြီးနောက် လေကြောင်းကနေ ဗုံးကြဲပြီးလက်နက်ကြီးနဲ့လည်း မကြာခဏပစ်ခတ်ခဲ့တယ်လို့ ကောလင်းမြို့ ပြည်သူမှ ပြည်သူသို့ အဖွဲ့က ပြောပါတယ်။