Home
မြန်မာသတင်း
ဟိုပန်မြို့၌ ကျားဖြန့်လုပ်ကိုင်သူများကို ညီနောင်မဟာမိတ်အဖွဲ့ ဖမ်းဆီး
DVB
·
January 5, 2024
crime 512024

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ‘ဝ’ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်မြို့မှာ ဇန်နဝါရီ ၅ ရက် ဒီမနက် ၂ နာရီလောက်ကစတင်ပြီး ညီနောင်တိုင်းရင်းသားမဟာမိတ်အဖွဲ့က ကျားဖြန့် အွန်လိုင်းငွေလိမ်လုပ်ငန်း လုပ်ကိုင်သူတွေကို ဝင်ရောက်ဖမ်းဆီးခဲ့တယ်လို့ ဒေသခံတွေထံက  သိရပါတယ်။

ပန်လုံလမ်းရပ်ကွက်ရှိ ရွှေမြင်းတောင်ဟိုတယ်မှာ တည်းခိုပုန်း‌ရှောင်နေတဲ့ ရာနဲ့ချီတဲ့ ကျားဖြန့်လုပ်ကိုင်သူတွေကို ညီနောင်မဟာမိတ်အဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး ထွက်ပြေးသူတချို့ကို ရိုက်နှက်ခဲ့တယ်လို့ ဒေသခံတဦးက ပြောပါတယ်။

ဒီမနက် ၉ နာရီခွဲလောက်မှာတော့  ညီနောင်မဟာမိတ်အဖွဲ့က ဟိုပန်မြို့နယ်ရဲစခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စခန်းမှူးတယောက်နဲ့  ရဲအများအပြား သေဆုံးကာ သေဆုံးသူဦးရေကိုတော့ အတည်မပြုနိုင်ကြောင်း ဒေသခံတဦးက ပြောပါတယ်။

ပစ်ခတ်မှုတွေကြောင့် ‘ဝ’ဒေသဘက် တိမ်းရှောင်လိုသူတွေကို ဖြတ်သန်းသွားလာခွင့် ပိတ်ထားပြီး စိုးရိမ်စရာမလိုတဲ့ အခြေအနေမှာ ရှိ‌နေတာကြောင့် ထွက်ပြေးတိမ်းရှောင်သူတွေကို ဟိုပန်မြို့ဆီ ပြန်ဝင်စေခဲ့တယ်လို့ တိမ်းရှောင်ဖို့သွားတဲ့ ဒေသခံတဦးက ပြောပါတယ်။

နေ့လယ် ၁ နာရီခွဲမှာတေ့ာ ‘ဝ’ဒေသ နမ့်တစ်မြို့ကနေတဆင့် ဟိုပန်မြို့၊ ဖောင်ဆိပ်ဘက်မှ UWSA တပ်သားတွေ စီးနင်းလာတဲ့ ခန့်မှန်းခြေ စစ်ကားအစီး ၂၀ လောက် ဟိုပန်မြို့ထဲကို ဝင်ရောက်လာခဲ့ပြီး ဟိုပန်မြို့လယ် အဝိုင်းပတ်မှာ ‘ဝ’အလံကို စိုက်ထူထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ်စခန်းရှိရာ ဖာလင်၊ ပန်ကောက်နဲ့ ပန်လုံမြို့မှာလည်း တိုက်ခိုက်မှု‌တွေ ဖြစ်ပွား‌နေပြီး ညီနောင်မဟာမိတ်အဖွဲ့က လက်ရှိအချိန်ထိ ဟိုပန်မြို့ကို သိမ်းပိုက်နိုင်ပြီလို့ အတည်မပြုနိုင်သေးတဲ့ သတင်းထွက်နေပါတယ်။

၁၀၂၇ စစ်ဆင်ရေး စတင်ပြီးတဲ့နောက် ဟိုပန်မြို့မှာ ‘ဝ’ဒေသဘက် ထွက်ပြေးတိမ်းရှောင်သူ ဒေသခံအများအပြား ရှိသလို ဟိုပန်မြို့ကို လောက်ကိုင်မြို့နဲ့ ကွမ်းလုံမြို့မှ လာရောက်တိမ်းရှောင်ပြီး နေရပ်မပြန်နိုင်သေးတဲ့ ရာနဲ့ချီတဲ့ စစ်ရှောင်တွေလည်း ရှိနေပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024