ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသ၊ သန်းထောင်ရွာနဲ့ ဘုရားနီရွာကြား တိုက်ပွဲမှာ ကျဆုံးခဲ့တဲ့ ၁၀၀၉ တပ်ရင်းက ရဲဘော် ၄ ဦးရဲ့ ဈာပန အခမ်းအနားကို ဇန်နဝါရီ ၂၄ ရက်မှာ ပြုလုပ်ခဲ့တယ်လို့ ၁၀၀၉ တပ်ရင်းက ထုတ်ပြန်ပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၃ ရက်က ဒေသခံ ပျူစောထီးတွေရဲ့ သတင်းပေးမှုကြောင့် PNO ပူးပေါင်းတပ်ဖွဲ့၊ စစ်ကောင်စီနဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေကြား ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း ၁၀၀၉ တပ်ရင်းမှ တပ်ရင်းမှူး သခွားသီး၊ သင်တန်းမှူး အယ်ကျော်၊ တပ်စိတ်မှူး မြတ်သူနဲ့ ရဲဘော် ကတုံးတို့ ကျဆုံးခဲ့တာပါ။
ကျဆုံးရဲဘော် ၄ ဦးရဲ့ ရက်လည်ဆွမ်းသွတ်နဲ့ အသုဘအခမ်းအနားကို ရဲဘော်တွေရဲ့ ခန္ဓာမပါဘဲ ဂူသွင်းသင်္ဂြိုဟ်ခဲ့တယ်လို့ ၁၀၀၉ တပ်ရင်းရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
အဲဒီတိုက်ပွဲမှာ ၁၀၀၇ တပ်ရင်း မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်-၂ က ရဲဘော်တဦးလည်း ကျဆုံးခဲ့ပါတယ်။
ကျဆုံးသွားတဲ့ ရဲဘော်တွေကို နွေဦးတော်လှန်ရေး ဖက်ဒရယ်ဒီမိုကရေစီ တိုင်းပြည်ပေါ်ထွန်းရေး တိုက်ပွဲမှာ တာဝန်ကျေပွန်ခဲ့ပြီး အဆုံးမသတ်ခဲ့ရတဲ့ ပန်းတိုင်ကိုလည်း ကျန်ရှိနေတဲ့ ရဲဘော်တွေက ဆုံးခန်းတိုင် ဆက်လက်လျှောက်လှမ်းသွားမယ်လို့ ကတိသစ္စာပြုထားပါတယ်။