စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ တည်သီးတောကျေးရွာက စစ်ကောင်စီနဲ့ ပျူစောထီးကင်းစခန်း ၄ ခုကို ဒေသခံ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေ အလစ်အငိုက် ဝင်ရောက်တိုက်ခိုက်ခဲ့တာကြောင့် ပျူစောထီးအယောက် ၂၀ သေဆုံးခဲ့ပြီး ၁၅ ယောက်လောက် ထိခိုက်ဒဏ်ရာရရှိသွားခဲ့တယ်လို့ တော်လှန်ရေးအဖွဲ့တွေက ထုတ်ပြန်ပါတယ်။
ဒီတိုက်ခိုက်မှုကိုတော့ ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၂ ရက်မနက် ၄ နာရီ ကျော်လောက်မှာ ပြုလုပ်ခဲ့တာဖြစ်ပြီး စစ်ကောင်စီ ဘက်တော်သား ပျူစောထီးတွေ စတည်းချနေထိုင်တဲ့ နေရာတချို့ကိုလည်း မီးရှို့ဖျက်ဆီးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
ဒေသခံတော်လှန်ရေးအဖွဲ့တွေဘက်ကတော့ ရဲဘော် ၃ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ကြပေမယ့် စိုးရိမ်စရာအခြေအနေမရှိဘူးလို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ဒီတိုက်ခိုက်မှုကို ဗိုလ်ကျားရိုင်း-ရွှေဘို(LPDF)အဖွဲ့နဲ့အတူ ရွှေဘို မိုးကြိုးမုန်တိုင်း အဖွဲ့၊ မတစ်ထောင်(တစ်ကောင်ဘွား)-ဒီပဲယင်း အဖွဲ့၊ ဗိုလ်ဂျပန်ကြီး(😭.T)-ရွှေဘို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ God Of Satans-GOS အဖွဲ့၊ C&T SHWEBO (LPDF) အဖွဲ့၊ Fighter One အဖွဲ့၊ Northern Brotherhood Alliance Squad တပ်ရင်း-၁၈၊ ဒိုင်းနမိုက်အင်ပါယာ အဖွဲ့၊ တောင်သူကြီး အဖွဲ့၊ Flying Dragon Force (F.D.F)အဖွဲ့၊ Snake Eyes LPDF အဖွဲ့ နဲ့ ရွှေဘိုမြို့နယ် ရွှေဘို တိုက်နယ်-၂ ရဲဘော်တွေ ပူးပေါင်းပြုလုပ်ခဲ့တာပါ။
အခုတိုက်ခိုက်ခံရမှုမှာ စစ်ကောင်စီတပ်ဖွဲ့က ထိခိုက်သေဆုံးတဲ့ အခြေအနေကို ဒီဗွီဘီအနေနဲ့ သီးခြားအတည်မပြုနိုင်သလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်လေ့ မရှိပါဘူး။
လတ်တလောမှာတော့ အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ်ဖမ်းဆီး တိုက်ခိုက်သတ်ဖြတ်နေမှုတွေကို ပြည်သူတရပ်လုံးက အသက်ရှင်သန်ရေးအတွက် ခုခံကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ခုခံစစ်ကို ဆင်နွှဲနေကြပါတယ်။
NUG အစိုးရကတော့ ပြည်သူ့ခုခံတွန်းလှန်စစ်ပွဲ စတင်ခဲ့တဲ့ ၁ နှစ်အတွင်း အကြမ်းဖက် စစ်ကောင်စီဘက်က တပ်ဖွဲ့ဝင်ပေါင်း ၂၀,၁၅၀ ကျော်သေဆုံးကာ ဒဏ်ရာရသူ ၇,၀၀၀ ကျော်လောက်ရှိလာပြီး စစ်ကောင်စီ စိုးမိုးအုပ်ချုပ်နိုင်တဲ့နေရာဟာ တိုင်းပြည် နယ်မြေအကျယ်အဝန်းရဲ့ ထက်ဝက်တောင် မရှိတော့ဘူးလို့ NUG ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားထားပါတယ်။