Home
မြန်မာသတင်း
ဝက်လက်မြို့နယ်ရှိ ကျေးရွာ ၂ ရွာကို စစ်ကောင်စီတပ်မီးရှို့၊ အဘွားအို ၁ ဦး မီးလောင်သေဆုံး
lusane
·
January 23, 2023
326039589_5789927191044609_2217104207942811836_n

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်ထဲက မန်ကျည်းတုံကျေးရွာနဲ့ တိုက်ကုန်းကျေးရွာကို စစ်ကောင်စီတပ် အင်အား ၆၀ လောက်က ဇန်နဝါရီ ၂၃ ရက် မနက်ပိုင်းမှာ စစ်ကြောင်းထိုး ဝင်ရောက်လာပြီး နေအိမ်တွေကို မီးရှို့ဖျက်ဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အခုမီးရှို့ခံနေရတဲ့ ကျေးရွာနှစ်ရွာပေါင်း အိမ်ခြေ ၁၂၀ နီးပါးရှိပြီး အဲဒီထဲက အိမ်အလုံး ၈၀ လောက် မီးလောင်ဆုံးရှုံးသွားသလို အသက် ၈၀ အရွယ် အဘွားအိုတဦးလည်း မီးလောင်ပြီး သေဆုံးသွားတယ်လို့ ဒေသခံတဦးက ပြောပါတယ်။

အဲဒီလို မီးရှို့ခံရပြီးတဲ့နောက် ဒေသကာကွယ်ရေး ပူးပေါင်းတပ်တွေက မန်ကျည်းတုံရွာရဲ့ အနောက်ဘက်ထွက်ပေါက်ကနေ စစ်ကောင်စီတပ်ကို လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်သား ၅ ဦးထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိနိုင်တယ်လို့ ဒေသကာကွယ်ရေးအဖွဲ့ဖြစ်တဲ့ တော်ဝင်ဖီးနစ်အဖွဲ့ရဲ့ တာဝန်ခံ ကိုရဲလင်းက ဒီဗွီဘီကို ပြောပါတယ်။

ဝက်လက်မြို့နယ်ထဲမှာ ဝက်လက်မြို့ပေါ်ကလွဲလို့ အနီးနားကျေးရွာတွေ အားလုံးကို ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက စိုးမိုးထားတာကြောင့် စစ်ကောင်စီတပ်တွေနဲ့ မကြာခဏ ဆိုသလို တိုက်ပွဲဖြစ်ပွားနေတာပါ။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၂ ရက်ကလည်း ဝက်လက်မြို့ပေါ်က စစ်ကောင်စီတပ်စွဲထားတဲ့ မီးသတ်ရုံးဘက်ကို ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက လက်နက်ကြီးနဲ့ ပစ်ခတ်ပြီးတဲ့နောက် စစ်ကောင်စီတပ်တွေနဲ့ အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့ပါသေးတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024