ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ ရှမ်းပြည်တပ်မတော် (RCSS/SSA) ရဲ့ ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ယွက်စစ်ဟာ စစ်ကောင်စီတာဝန်ရှိသူတွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ ဒီကနေ့ ဇန်နဝါရီ ၂၃ မှာ တာချီလိတ်ကနေ လေယာဉ်နဲ့ နေပြည်တော်ကို ထွက်ခွါသွားပါတယ်။
ဒီခရီးစဉ်ဟာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ ဖိတ်ခေါ်ချက်အရ ငြိမ်းချမ်းရေးဆိုင်ရာကိစ္စရပ်နဲ့ လက်ရှိနိုင်ငံရေးအကျပ်အတည်း ဖြေရှင်းရေးတို့ကို သွားရောက်ဆွေးနွေးမှာဖြစ်တယ်လို့ RCSS/SSA ရဲ့ သတင်းနဲ့ ပြန်ကြားရေးဌာနက သတင်းထုတ်ထားပါတယ်။
ဒီတွေ့ဆုံမှုဟာ အရင် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေရဲ့ နောက်ဆက်တွဲဖြစ်ပြီး ယုံကြည်မှု တည်ဆောက်ရေး၊ လက်ရှိဆွေးနွေးတွေ့ဆုံမှုကနေ တဆင့် နိုင်ငံရေး အကျပ်အတည်း ဖြေရှင်းရေး၊ ယုံကြည်မှု တည်ဆောက်မှုမြှင့်တင်ရေး၊ ဖက်ဒရယ် ဒီမိုကရေစီ တည်ဆောက်ရေးတို့အတွက် အထောက်အပံ့ဖြစ်မယ်လို့ RCSS က ယုံကြည်ကြောင်း RCSS/SSA ပြန်ကြားရေး ဌာနက ဒီကနေ့ ထုတ်ပြန်ကြေညာထားပါတယ်။
RCSS ခေါင်းဆောင် ဗိုလ်ချုပ်ကြီးယွက်စစ်ကို စစ်ခေါင်းဆောင်က ဝဏ္ဏကျော်ထင်ဘွဲ့ ချီးမြှင့်ထားပါတယ်။
အခုလို ချီးမြှင့်မြှောက်စားပြီး ငြိမ်းချမ်းရေးအတွက် တွေ့ဆုံဆွေးနွေးနေကြပေမဲ့ RCSS/SSA က ဖေဖေါ်ဝါရီ ၇ ရက် ရှမ်းပြည်အမျိုးသားနေ့ အခမ်းအနားကို မိုင်းပန်မြို့မှာ ကျင်းပဖို့ စီစဉ်ထားတာကိုတော့ စစ်အင်အားတွေတိုးမြှင့်ချထားတာကြောင့် မူလအစီအစဉ်ကို ရုပ်သိမ်းပြီး ဌာနချုပ်လွိုင်တိုင်းလျန်းဌာနချုပ်မှာပဲ ပြန်ကျင်းပဖို့ စီစဉ်ထားရပါတယ်။
Photo-ThaiPBS