Home
မြန်မာသတင်း
သံတောင်မြို့နယ်တွင် ခရီးသွားများကို စစ်တပ်က ရိုက်နှက်ဖမ်းဆီး စစ်ဆေးနေ
DVB
·
January 23, 2023
326415953_709591504195298_7696162547397887553_n

ကရင်ပြည်နယ်၊ သံတောင်မြို့နယ်မှာ စစ်ကောင်စီတပ်တွေက ခရီးသွားပြည်သူတွေနဲ့ ကား၊ ဆိုက်ကယ်တွေကို တားဆီးစစ်ဆေးတာတွေ လုပ်ဆောင်ရာမှာ မတရားရိုက်နှက် ဖမ်းဆီးခံရမှာ စိုးရိမ်နေရတယ်လို့ ဒေသခံပြည်သူတွေက ပြောပါတယ်။

သံတောင်-ဘောဂလိ လမ်းပိုင်းတလျှောက်ကို စစ်ကောင်စီတပ်တွေက အင်အားဖြည့်တင်းပြီး ဒေသခံတွေနဲ့ ခရီးသွားပြည်သူတွေရဲ့ ကား၊ ဆိုင်ကယ်တွေကို တင်းတင်းကျပ်ကျပ် တားဆီးစစ်ဆေးနေတာကြောင့် စိုးရိမ်နေကြတာပါ။

ဇန်နဝါရီ ၁၈ ရက် ညက ဥသျှစ်ကုန်းကျေးရွာအနီး (သံတောင်-ဘောဂလိလမ်းမကြီး) မှာ စစ်ကောင်စီတပ်နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) ပူးပေါင်းတပ်တွေနဲ့ နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ပြီး နောက်ပိုင်း အခုလို လုပ်ဆောင်လာတာပါ။

စစ်ကောင်စီတပ်က ဒေသခံလူငယ် ၂ ဦးကို မတရားစွပ်စွဲပြီး ရိုက်နှက်ဖမ်းဆီးသွားတယ်လို့ ဒေသခံပြည်သူတယောက်က ပြောပါတယ်။

“တောင်ပေါ်ကဆင်းလာတဲ့ လူငယ် ၂ ယောက်ကို မှတ်ပုံတင်စစ်တယ်။ အလုပ်ကပြန်လာတာ မှတ်ပုံတင်က ဘယ်လိုပါမလဲ။ အဲဒါကို PDF လို့စွပ်စွဲပြီး ကြိုးတုပ်ရိုက်နှက်ပြီးတော့ ၁၆ မိုင်တပ်စခန်းကို ခေါ်သွားတယ်။ အဲနောက်ပိုင်း ဘာသတင်းမှ မကြားသေးဘူး။ ပြည်သူတွေက အခုဆို စိုးရိမ်စိတ်နဲ့ အသက်ရှင်နေရတယ်။”

စစ်ကောင်စီတပ်တွေက သံတောင်-ဘောဂလိ လမ်းမကြီးအနီးက ဥယျာဉ်ခြံတွေအတွင်းကိုပါ စစ်ကြောင်းထိုး လှုပ်ရှားသွားလာနေတဲ့အတွက် ဥယျာဉ်ခြံလုပ်ငန်း လုပ်ကိုင်နေသူတွေဟာ ဖမ်းဆီးစစ်ဆေးခံရမှာကို စိုးရိမ်ပြီး လုပ်ငန်းခွင်မသွားရဲသေးဘူးလို့ ကွမ်းစိုက်တောင်သူတွေက ပြောပါတယ်။

နိုဝင်ဘာ ၂၆ ရက်က သံမိုးတောင်ကျေးရွာမှာ စစ်ကောင်စီက လက်နက်ကြီးအပြင် လေကြောင်းကပါ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် ဒေသခံပြည်သူ ၄၀၀ ကျော်ဟာ နေရပ်စွန့်ခွာပြီး နီးစပ်ရာကျေးရွာတွေမှာ ဒီကနေ့အထိ တိမ်းရှောင်နေရတယ်လို့ စစ်ဘေးရှောင်အရေး ကူညီပေးနေသူတွေဆီက သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024