ရန်ကုန်တိုင်း ရွှေပြည်သာမြို့နယ်၊ အမှတ် (၃) ရပ်ကွက်၊ အုတ်ဖိုလမ်းထိပ်၊ မြသိန်းတန် ဘုန်းကြီးကျောင်းရှေ့က လူနေဆိုင်ခန်းတွေမှာ ဇန်နဝါရီ ၂၀ ရက် ည ၁၁ နာရီ ၃၇ မိနစ်လောက် မီးလောင်ခဲ့ပြီး ဆိုင်ခန်းတွဲ ၄ ခန်းနဲ့ ကျပ်သိန်း ၁၂၀ ကျော် ဆုံးရှုံးခဲ့တယ်လို့ ရွှေပြည်သာမြို့နယ်၊ အမှတ် ၄ ရပ်ကွက်၊ အရန်မီးသတ်တပ်ဖွဲ့က ပြောပါတယ်။
မီးစတင်လောင်တဲ့ဆိုင်ခန်းဟာ ထမင်းဆိုင်ဖြစ်ပြီး ဟင်းချက်နေချိန် မီးပျက်သွားတဲ့အတွက် ဒယ်အိုးကို ခလုတ်မပိတ်မိဘဲ အိမ်ပြန်သွားရာက မီးပြန်လာချိန်မှာ အပူလွန်ကဲနေခဲ့ပြီး ည ၁၁ နာရီ ခွဲမှာ စတင်လောင်ကျွမ်းခဲ့တာလို့ အရန်မီးသတ်တပ်ဖွဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။
"စလောင်တဲ့ ဆိုင်ခန်းက ထမင်း ရောင်းတာလို့ ပြောတယ်။ ဒယ်နီအိုးကို ဖွင့်ထားခဲ့တာ။ ဖွင့်ပြီး ဆိုင်မှာက လူစောင့်မရှိဘူး။ ဆိုင်ပိတ်တဲ့ အချိန်လောက်မှာ မီးပျက်နေတာ။ လောင်တဲ့အချိန်က မီးလာပြီး နာရီဝက်အတွင်းမှာ လောင်တာ။ ကောက်ချက်ချတာကတော့ ဒယ်နီအိုးကနေ အပူလွန်ကဲပြီးတော့ လောင်တာ။ မျက်မြင်သက်သေတွေ ကလည်း အဲ့နေရာကနေ လောင်တယ် လို့ ထွက်ဆိုထားတယ်ပေါ့။ ကူးပြီးတော့ လောင်တာက ဖိနပ်ဆိုင်ရယ်၊ ကုန်စုံဆိုင်ရယ်၊ ထမင်းဆိုင်ခေါင်းရင်းဘက်က တခြမ်း ရယ်ပေါ့၊ မီးလောင်မှုကြောင့် ဆုံးရှုံးသွားတာ သိန်း ၁၂၀ လောက် ဖော်ပြထားတယ်။"
မီးလောင်မှု ဖြစ်ပွားခဲ့ပြီး ၇ မိနစ်လောက်အကြာမှာ မီးထိန်းနိုင်ခဲ့ကာ ည ၁၁ နာရီ ၄၈ မိနစ်မှာ မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း၊ မီးလောင်မှုကြောင့် ထိခိုက်ဒဏ်ရာရသူ မရှိဘူးလို့ သိရပါတယ်။