ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ်၊ ၄၀ ရပ်ကွက်၊ တပင်ရွှေထီးလမ်း ပေ ၄၀ စျေးမှာ ဇန်နဝါရီ ၂၀ ရက် ဒီနေ့ မနက် ၇ နာရီက ကာကွယ်ရေးဝန်ကြီးဌာန အငြိမ်းစား လက်ထောက်ညွှန်ကြားရေးမှူးတယောက် သေနတ်နဲ့ပစ်ခတ်ခံရတယ်လို့ ရပ်ကွက်နေသူတွေဆီက သိရပါတယ်။
နေအိမ်ကနေ ပေ ၄၀ စျေးမှာ စျေးဝယ်ထွက်လာတဲ့ အငြိမ်းလက်ထောက်ညွန်ကြားရေးမှူး ဦးရွှေဝင်းကို ဗိုလ်တေဇလမ်းမှာ ဆိုင်ကယ်စီးလာသူက သေနတ်နဲ့ပစ်သွားတာလို့ ရပ်ကွက်နေသူတဦးက ပြောပါတယ်။
"ခေါင်းကိုပစ်တာ သေလားတော့မသိဘူး။ စစ်တပ်က ရောက်လာပြီး ကြက်ခြေနီအဖွဲ့က လူနာတင်ယာဥ်နဲ့ ဆေးရုံကိုခေါ်သွားတယ်။ ညွန်မှူးလို့ပြောနေကြသလို အရင် မဝတဥက္ကဋ္ဌဟောင်းလို့ ပြောနေကြတဲ့သူတွေလည်းရှိတယ်။"
သေနတ်နဲ့ပစ်ခတ်ခံရတဲ့ ဦးရွှေဝင်းဟာ ကာကွယ်ရေးဝန်ကြီးဌာန စာရင်းစစ်ဌာနမှာ လက်ထောက်ညွှန်ကြားရေးမှူးတာဝန်ထမ်းခဲ့ဖူးတယ်လို့ အုပ်ချုပ်ရေးနဲ့နီးစပ်သူတဦးက ပြောပါတယ်။
"စစ်တပ်ကပဲ ကြက်ခြေနီက လူနာတင်ယာဥ်နဲ့ ခုတင် ၁၀၀၀ ဆေးရုံကို ပို့လိုက်တယ်။ အခုတော့ စစ်ဆေးမှုတွေလုပ်နေတယ်။"
လက်တလောမှာ စစ်ကောင်စီတပ်က ပေ ၄၀ စျေး၊ တပင်ရွှေထီးလမ်းနဲ့ ဗိုလ်တေဇလမ်းတို့မှာ လမ်းသွားလမ်းလာနဲ့ ဆိုင်ကယ်တွေကို စစ်ဆေးနေပါတယ်။
ရန်ကုန်က မြို့နယ်တချို့မှာ အခုလအတွင်း ပစ်ခတ်မှုနဲ့ ဗုံးပေါက်ကွဲမှုတွေကြောင့် သေဆုံးသူနဲ့ဒဏ်ရာရရှိသူတွေလည်းရှိခဲ့သလို့ မနှစ်ကလည်း ပစ်ခတ်မှုနဲ့ ဗုံးပေါက်ကွဲမှုတွေဖြစ်ခဲ့ပြီး ဗိုလ်မှူးချုပ်ဟောင်း အုန်းသွင်သေဆုံးခဲ့ပါတယ်။