Home
မြန်မာသတင်း
ပဲခူးတွင် လူဦးရေစာရင်းကောက်ပြီးပြန်လာသည့် ရာအိမ်မှူး ၁ ဦး ပစ်သတ်ခံရ
DVB
·
January 20, 2023
324501601_460892962769684_2316333124929045536_n

ပဲခူးမြို့၊ နန်းတော်ရာရပ်ကွက်၊ ဥဿာသီရိ ၁၃ မှာ လူဦးရေစာရင်းကောက်ပြီး ပြန်လာတဲ့ ရာအိမ်မှူးတယောက် ဇန်နဝါရီ ၁၉ ရက် ည ၇ နာရီက သေနတ်နဲ့ပစ်ခံရပြီး သေဆုံးသွားတယ်လို့ ရပ်ကွက်နေသူတွေဆီက သိရပါတယ်။

လူဦးရေစာရင်းကောက်ပြီး နေအိမ်ကိုပြန်လာတဲ့ ရာအိမ်မှူးကို အမည်မသိ ဆိုင်ကယ်စီး အမျိုးသားတဦးက သေနတ်နဲ့ပစ်ခတ်ခဲ့တာလို့ ရပ်ကွက်နေသူတဦးက ပြောပါတယ်။

“ရာအိမ်မှူးကို သူ့အိမ်ရှေ့မှာပဲ ဆိုင်ကယ်နဲ့ရောက်လာပြီး သေနတ်နဲ့ပစ်သွားတာ။ နဖူးကိုမှန်တာ၊ ပစ်တာတချက်တည်း၊ ပွဲချင်းပြီးသေသွားတယ်။”

သေနတ်နဲ့ပစ်ခတ်ခံရလို့ သေဆုံးသူမှာ နန်းတော်ရာရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးမှ ရာအိမ်မှူး ဦးအောင်ငြိမ်းဖြစ်ပြီး စစ်တပ်ထောက်ခံသူတဦး ဖြစ်တယ်လို့ ရပ်မိရပ်ဖတဦးက ပြောပါတယ်။

“သူက စစ်တပ်က လှည့်ကင်းလှည့်တာတို့၊ စစ်တပ်လော်ဘီတွေနဲ့ပေါင်းပြီး တက်ကြွလှုပ်ရှားသူတွေ ဖမ်းတာတွေရှိတယ်။ အဲ့ဒါကြောင့် အပစ်ခံရတာ။”

ပစ်ခတ်မှုဖြစ်ပြီးနောက် သေဆုံးသူရဲ့ အလောင်းကို ပဲခူးမြို့နယ်ဆေးရုံကြီးကို လူနာတင်ယာဥ်နဲ့ ပို့ဆောင်ခဲ့ပြီး စစ်ကောင်စီတပ်က နန်းတော်ရာရပ်ကွက်မှာ စစ်ဆေးမှုတချို့ ပြုလုပ်ခဲ့တယ်လို့ ရပ်ကွက်နေသူတွေဆီက သိရပါတယ်။

စစ်ကောင်စီက ရွေးကောက်ပွဲအတွက် ဇန်နဝါရီ ၉ ရက်က စပြီး လူဦးရေစာရင်း ကောက်ခဲ့ရာ မြန်မာနိုင်ငံတဝန်း ဒုရဲအုပ်တဦး အပါအဝင် အုပ်ချုပ်ရေးမှူး ၁၂ ဦး သေဆုံးခဲ့ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024