တရုတ်-မြန်မာ ကုန်သွယ်ရာလမ်းကြောဖြစ်တဲ့ ကချင်ပြည်နယ် ကန်ပိုက်တီ-ဝိုင်းမော်လမ်း၊ ၁၃ မိုင်အနီးမှာ ဇန်နဝါရီ ၁၈ ရက် မွန်းလွဲပိုင်းက မြန်မာကုန်တင်ကားတစီး မီးလောင်ပျက်စီးခဲ့တယ်လို့ နယ်စပ်ကုန်သည်တွေနဲ့ ကုန်တင်ယာဉ်မောင်းတွေဆီက သိရပါတယ်။
တရုတ်နိုင်ငံဘက်က ကုန်ပစ္စည်းတင်သွင်းလာတဲ့ ကုန်စုံတွဲကား မီးလောင်ပျက်စီးသွားတာ ဖြစ်ပြီး သိန်းထောင်ချီ ဆုံးရှုံးမှုရှိတယ်လို့ ပို့ကုန်ကုန်သည်တဦးက ပြောပါတယ်။
“KEP ကုန်စုံကားလို့ ပြောတယ်။ ၁၃ မိုင်နားလေးမှာ။ သိန်းထောင်ချီ ရှိမှာပေါ့လေ။ ဒီလောက် ကားကြီးတစီး။ အခုက ဈေးလည်းကြီးတာကော ဘာမဆို။”
မီးလောင်နေတဲ့အချိန် ခေါင်းတွဲကို ဖြုတ်လိုက်နိုင်တာကြောင့် နောက်တွဲတစီးလုံးနီးပါး လောင်သွားပေမဲ့ ခေါင်းတွဲမလောင်တဲ့အပြင် လူလည်း ထိခိုက်မှုမရှိဘူးလို့ အဲဒီလမ်းကြောက ကုန်တင်ယာဉ်မောင်းတဦးက ပြောပါတယ်။
“အလေးချိန်က နည်းနည်းများတော့ ကားဆရာလေးကလည်း နည်းနည်း အတွေ့အကြုံကလည်း နည်းတော့ ရေတို့ ဘာတို့ မထိုးလို့ ဘောတွေကနေ ဂျမ့်ဖြစ်ပြီးတော့ မီးလောင်သွားတာပေါ့။”
ကန်ပိုက်တီနဲ့ ဝိုင်းမော်ကြားလမ်း ၁၃ မိုင် စုပေါင်းဂိတ်နားမှာ ဖြစ်ပွားတာဖြစ်ပြီး လူထိခိုက်မှုမရှိဘဲ ပစ္စည်းဆုံးရှုံးမှုဖြစ်ပေမဲ့ ဒီလမ်းကြောမှာတော့ ကားမီးလောင်တဲ့ ဖြစ်စဉ်မျိုး အရင်က မရှိခဲ့ဖူးဘူးလို့ ကုန်တင်ယာဉ်မောင်းတွေက ပြောပါတယ်။
ကန်ပိုက်တီမြို့ဟာ ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့နယ်မှာရှိပြီး တရုတ်နိုင်ငံ၊ ပေါက်ရှန်းခရိုင်၊ ထိန်ချုံးမြို့နဲ့ ထိစပ်နေတဲ့ နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရာ လမ်းကြောင်းဖြစ်ပါတယ်။
အဲဒီကုန်သွယ်ရေးလမ်းကြောင်းကနေ မြန်မာဘက်က စိုက်ပျိုးရေးထွက်ကုန်နဲ့ တခြားကုန်စုံတွေတင်ပို့ပြီး တရုတ်ဘက်က စိုက်ပျိုးရေးသုံးပစ္စည်း၊ စက်ပစ္စည်းတွေနဲ့ တခြားကုန်မျိုးစုံကို တင်သွင်းတာဖြစ်ပါတယ်။