မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ ဇန်နဝါရီ ၁၅ ရက်နေ့ မနက်ပိုင်းမှာ ပခုက္ကူခရိုင် တပ်ရင်း အမှတ် (၆) MVRF က ကျေးရွာ ၃ ရွာမှ မီးဘေးသင့်ပြည်သူတွေအတွက် စားနပ်ရိက္ခာ၊ အဝတ်အထည်နဲ့ ငွေကြေးတွေ ထောက်ပံ့လှူဒါန်းပေးခဲ့တယ်လို့ MVRF ကနေ သိရပါတယ်။
မြိုင်မြို့နယ်မှာ စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့ခဲ့လို့ မီးလောင်ဆုံးရှုံးခဲ့ရတဲ့ အိုးဘိုကျေးရွာ၊ ကန်နက်ရွာနဲ့ မကျည်းလေးပင်ရွာက မီးဘေးသင့်ပြည်သူတွေအတွက် ဇန်နဝါရီ ၁၅ ရက် မနက် ၁၁ နာရီလောက်မှာ ဆန် ၆၈ အိတ်၊ ဆီ၊ ဆား၊ အဝတ်အထည်နဲ့ ငွေကျပ် ၁၃ သိန်း ထောက်ပံ့ပေးခဲ့တယ်လို့ MVRF ရဲ့ ပြန်ကြားရေးတာဝန်ခံ ကိုသူရိန်က ဒီဗွီဘီကို ပြောပါတယ်။
“ကျနော်တို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဆိုတာ ပြည်သူထဲက ပေါက်ဖွားလာတာဖြစ်ပြီး ပြည်သူတွေ ဒုက္ခရောက်နေတဲ့ဘအချိန်မှာ ပြည်တွင်း ပြည်ပ အလှူရှင်တွေရဲ့ ထောက်ပံ့ကူညီမှုနဲ့ ပြည်သူမှပြည်သူ့ထံသို ထောက်ပံ့ကူညီရတာ။”
မြိုင်မြို့နယ်အတွင်းမှာလည်း ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် တနှစ်တာအတွင်း စစ်ကောင်စီစစ်ကြောင်းက မီးရှို့ဖျက်ဆီးခဲ့လို့ ဒေသခံပြည်သူတွေရဲ့ အိမ်ခြေ ၁၇၀၀ ကျော် မီးလောင် ဆုံးရှုံးခဲ့ရသလို ပြည်သူ ၁၅၀၀၀ လောက်လည်း ဘေးလွတ်ရာနေရာတွေမှာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ လူသားချင်း စာနာမှုဆိုင်ရာ အကူညီတွေ အရေးပေါ်လိုအပ်နေတယ်လို့ သိရပါတယ်။