ကျောက်တံခါးမြို့နယ် မြို့အဝင်ဆိုင်းဘုတ်အနီးမှာ ဒီနေ့ နေ့လယ်ပိုင်းက အိမ်စီးကား Honda Fit တစီး အရှိန်လွန်တိမ်းမှောက်ခဲ့တာကြောင့် ၃ ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
တောင်ငူမြို့နယ်ဘက်မှ မောင်းနှင်လာတဲ့ Honda Fit အိမ်စီးကားဟာ ကျောက်တံခါးမြို့နယ်အဝင် ဆိုင်းဘုတ်အနီးမှာ အရှိန်မထိန်းနိုင်ဘဲ မှောက်ခဲ့တာလို့ ဒေသခံတဦးက ဒီဗွီဘီကို ပြောပါတယ်။
“အရှိန်လွန်ပြီးမှောက်တာ။ ဘယ်လောက်အရှိန်ပြင်းလဲဆိုရင် အပြင်ကို သုံးယောက် လွင့်သွား တယ်။ ကားပေါ်မှာ သုံးဦး ကျန်ခဲ့တယ်။ ယာဥ်မောင်းက ကားထဲမှာညှပ်နေတယ်။"
ယာဥ်တိမ်းမှောက်ရာကို မီးသတ်တပ်ဖွဲ့နဲ့ လူမှုကယ်ဆယ်ရေးအသင်းတွေက လူနာတင်ယာဥ်တွေ ရောက်လာပြီး သေဆုံးသူနဲ့ ထိခိုက်ဒဏ်ရာရသူတွေကို ဆေးရုံပို့ဆောင်ပေးခဲ့တယ်လို့ ရပ်မိရပ်ဖ တဦးက ပြောပါတယ်။
"သေတာက အမျိုးသား သုံးဦး။ ဒဏ်ရာရတဲ့သူတွေကလည်း အခြေအနေစိုးရိမ်ရတယ်။ အခု ဆေးရုံကို ပို့ပေးထားပါတယ်”
လတ်တလောမှာ သေဆုံးသူနဲ့ထိခိုက်ဒဏ်ရာရသူတွေကို ကျောက်တံခါးမြို့နယ်ပြည်သူ့ဆေးရုံကို လူမှုကယ်ဆယ်ရေးအဖွဲ့တွေက ပို့ဆောင်ပေးပြီး ယာဥ်တိမ်းမှောက်တာနဲ့ ပတ်သက်ပြီး ကျောက်တံခါးမြိုမရဲစခန်းက စစ်ဆေးနေတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။