မွန်ပြည်နယ်၊ သထုံမြို့နယ် ရန်ကုန်-မော်လမြိုင် ကားလမ်းမပေါ်မှာ မတ် ၂၈ ရက်က အိမ်စီးကားတစီး အရှိန်မထိန်းနိုင်ဘဲ ပေ ၃၀ ကျော်နက်တဲ့ ချောင်းထဲ တိမ်းမှောက်ခဲ့တာကြောင့် အမျိုးသားနှစ်ဦး သေဆုံးခဲ့တယ်လို့ ပီတိနှလုံးသား လူမှုကယ်ဆယ်ရေးအသင်းထံက သိရပါတယ်။
သထုံမြို့နယ်၊ နောင်ဘိုကျေးရွာ ဘူတာလမ်းထိပ်အလွန် ရန်ကုန်-မော်လမြိုင် လမ်းမပေါ် တံတားဖြူတံတားကနေ အိမ်စီးကားတစီး အရှိန်မထိန်းနိုင်ဘဲ ပေ ၃၀ ကျော်နက်တဲ့ ချောင်းထဲ ပြုတ်ကျခဲ့ပါတယ်။
ယာဉ်တိမ်းမှောက်မှုကြောင့် ယာဥ်ပေါ်လာတဲ့ အသက် ၄၀ ကျော်အရွယ် အမျိုးသားနှစ်ဦးလုံး နေရာမှာပဲ သေဆုံးခဲ့ပါတယ်။
ပီတိနှလုံးသား လူမှုကယ်ဆယ်ရေးအသင်း တာဝန်ရှိသူတဦးက “ရန်ကုန်ဘက်ကနေ မော်လမြိုင်ဘက်အလာ တံတားဖြူအပေါ်ကနေ ချောင်းထဲကျသွားတာပါ။ နှစ်ယောက်လုံး ပွဲချင်းပြီး သေဆုံးသွားတယ်။ ညပ်နေတဲ့အလောင်းတွေကို ကျနော်တို့ ဆွဲထုတ်ပြီး နယ်မြေခံ ဌာနဆိုင်ရာနဲ့ ပေါင်းကာ ရင်ခွဲရုံကို ပို့ပေးခဲ့တာပါ။ သေသွားတဲ့သူတွေက ဘယ်ကမှန်း မသိသေးပါဘူး။ တယောက်ကတော့ မြောက်ဥက္ကလာပမှတ်ပုံတင်တော့ ကိုင်ထားပါတယ်” လို့ ပြောပါတယ်။
သေဆုံးခဲ့တဲ့ အမျိုးသားနှစ်ဦးရဲ့ ရုပ်အလောင်းကို သိမ်ဆိပ်တိုက်နယ်ဆေးရုံ ရင်ခွဲရုံကို ပီတိနှလုံးသား လူမှုကယ်ဆယ်ရေးအသင်းက ပို့ဆောင်ပေးခဲ့ပါတယ်။
သထုံမြို့ မြေနီကုန်း ရန်ကုန်-မော်လမြိုင် ကားလမ်းမပေါ်မှာ မတ် ၁၉ ရက်က ဟိုက်ဂျက်ကားတစီး တိမ်းမှောက်ခဲ့တာကြောင့် ဦးပဥ္စနှစ်ပါး၊ ကိုရင်သုံးပါးနဲ့ လူသုံးဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။