Home
မြန်မာသတင်း
ကန်ကျနပူရီတွင် တရားမဝင် ဝင်လာသည့် မြန်မာနိုင်ငံသား  ၁၀၀ ခန့် ဖမ်းဆီးခံရ 
DVB
·
March 28, 2024
illi 2832024

ထိုင်း-မြန်မာနယ်စပ်၊ ကန်ကျနပူရီခရိုင်ထဲမှာ မတ် ၂၇  ရက် တနေ့တည်း ကားငါးစီးပေါ်ကနေ တရားမဝင် မြန်မာနိုင်ငံသား ၁၀၀ နီးပါးနဲ့ ယာဉ်မောင်း သုံးဦးတို့ကို ဖမ်းဆီးရမိတယ်လို့  ခေါဝ်ဆွတ်ထိုင်းသတင်းမှာ ဖော်ပြပါတယ်။

မနေ့ နေ့လယ်က အုပ်ချုပ်ရေး၊ လဝကရဲ၊ နယ်ခြားစောင့်ရဲနဲ့ ကျေးရွာလုံခြုံရေးတပ်ဖွဲ့ဝင်တွေပါတဲ့ ပူးပေါင်းအဖွဲ့ဟာ နယ်မြေထဲမှာ တရားဥပဒေစိုးမိုးရေး စစ်ဆေးဆောင်ရွက်နေစဉ်  ထောင်းဖာဖုမ်းမြို့နယ် ထာ့ခနွန်အုပ်စုရှိ ထောင်းဖာဖုမ်း- ဆန်ခလပူရီ သွားလမ်းမကြီးပေါ်မှာ  အိမ်စီးဆလွန်းကား  သုံးစီးနဲ့ ဟိုင်းလပ်စ်ကား နှစ်စီးတို့  ရှေ့ဆင့်နောက်ဆင့် မောင်းနှင်လာကြောင်း၊  တာဝန်ရှိသူတွေက စစ်ဆေးဖို့  အချက်ပြလိုက်ပေမဲ့ ကား ငါးစီးလုံး တစီးမှ ရပ်မပေးဘဲ အရှိန်မြှင့် မောင်းပြေးသွားကြတယ်လို့ ဆိုပါတယ်။ 

လမ်းဆုံမီးပွိုင့်ရောက်တော့  အိမ်စီးကား သုံးစီးက ညာဘက်ချိုးပြီး ထောင်းဖာဖုမ်းမြို့ ဘက်မောင်းသွားသလို  ဟိုင်းလပ်စ် နှစ်စီးက ဘယ်ဘက်ချိုးကာ ဆိုင်းယို့ဒ်မြို့နယ်ဘက် မောင်းသွားပါတယ်။

တာဝန်ရှိသူတွေက လူစုခွဲပြီး အနောက်က လိုက်ဖမ်းရာမှာ ထောင်းဖာဖုမ်းမြို့ ထာ့ခနွန်ရပ်ကွက် ဝပ်နောင်ဒဲင်လမ်းကြားထဲမှာအနက်ရောင် ဟွန်ဒါဆကား တစီးရပ်ထားတယ်၊ စစ်ဆေးကြည့်တော့ ကားမောင်းသမားက ထွက်ပြေးသွားပြီး ကားထဲမှာ အသက် ၁၆ နှစ်မှ ၄၀ ကျော်ရွယ်ရှိ တရားမဝင်မြန်မာအမျိုးသား ၁၃ ဦးကို ဖမ်းမိတယ်လို့ ဆိုပါတယ်။

အဆိုပါမြို့နယ်ထဲမှာပဲ ထာ့ခနွန်ရပ်ကွက် ထောင်းဖာဖုမ်းသုတေသနရုံးအနီးမှာ အဖြူရောင် တိုယိုတာယာလီကား တစီးနဲ့ အနက်ရောင်ဟွန်ဒါ တစီးထပ်ရပ်ထားတယ်၊ ယာဉ်မောင်းတွေ ထွက်ပြေးသွားပြီး တိုယိုတာကားထဲကနေ အသက် ၁၈ မှ ၃၄ နှစ်ကြားရှိ တရားမဝင်မြန်မာ ၁၁ ဦး ( ကျား ၁၀ ဦး ၊ မ ၁ ဦး ) တို့ကို ဖမ်းမိခဲ့ပါတယ်။

နောက်ထပ် အနက်ရောင်ဟွန်ဒါထဲမှာတော့ အသက် ၁၈ နှစ်မှ ၅၄ ကြားရှိ မြန်မာ ၁၇ ဦး ( ကျား ၈ ၊ မ ၉ )နဲ့  ၄ နှစ်သားရွယ် ကလေး ၄ ယောက် စုစုပေါင်း ၂၁ ဦး ဖမ်းမိတယ်လို့ ဆိုပါတယ်။ 

ဟိုင်းလပ်စ်ကား တစီးကတော့ ထောင်းဖာဖုမ်းမြို့နယ် ဆဟာကွဏ်းနိခုမ်းရပ်ကွက်ထဲမှာ ပျက်သွားလို့ ဆက်မောင်းလို့မရဘဲ ရပ်ထားကြောင်း၊ ယာဉ်မောင်းမှာ အသက် ၂၉ နှစ်ရွယ်ရှိ နိုင်းဖွန်းဝပ် ဝမ်းဆုခ်ဖြစ်ပြီး ကားထဲမှာ အသက် ၁၉ မှ ၃၃ နှစ်ကြားရှိ တရားမဝင် မြန်မာ ၁၈ ဦး ( ကျား ၁၁ မ ၇ ) တို့အပြင် မှီခိုသူ ကလေးငယ် နှစ်ယောက်ပါ ဖမ်းမိခဲ့ပါတယ်။

နောက်ထပ် ဝီးဂို့ဟိုင်းလပ်ကားတစီးကတော့ ၁၀ ကီလိုမီတာကျော်ထိ ထွက်ပြေးနိုင်ပြီး ဆိုင်းယို့ဒ်မြို့နယ် ဘက်ရောက်သွားတယ်ပေမဲ့ လမ်းခုလပ်မှာ ကားပျက်နေစဉ် တာဝန်ရှိသူတွေက ဝင်ရောက်ဖမ်းဆီးခဲ့တယ်၊ ယာဉ်မောင်းမှာ အသက် ၂၄ နှစ်ရွယ် မောင်ဆန်းဦးက မြန်မာအလုပ်သမားဖြစ်ပြီး ကားထဲမှာ မြန်မာ ၂၀ ( ကျား ၁၅ ၊ မ ၅ ) ဦးနဲ့ ကလေး လေးယောက် မိဘတွေနဲ့အတူ လိုက်လာတာလို့ ဆိုပါတယ်။

စစ်ဆေးမေးမြန်းချက်အရ သူတို့တွေဟာ မြန်မာနိုင်ငံကနေ ထိုင်းနိုင်ငံအတွင်းပိုင်းထိ ဝင်ရောက်ဖို့ ပွဲစားကို ခရီးအနီးအဝေးပေါ်မူတည်ပြီး ဘတ် ၁၀၀၀၀ ကနေ ၃၀၀၀၀ ထိ ပေးခဲ့ရတယ်၊ ကားမောင်းသမား နိုင်းဖုံးဝပ်ကတော့  သူတို့ကို အမည်မသိသူက ဖုံးနဲ့ ဆက်သွယ်လာပြီး မြို့နယ်တခုကနေ တခြားမြို့နယ်ထိ ခရီးတိုသာပို့ပေးရတာမို့ ကားခ တဦးလျှင် ဘတ် ၃၀၀၀ မှ ၄၀၀၀ ထိပဲရတယ်၊ မောင်ဆန်းဦးကလည်း ဘုရားသုံးဆူကနေ ကန်ကျနပူရီ မြို့နယ်ထိပဲပို့ ရမှာမို့ တဦးလျှင် ဘတ် ၅၀၀ ပဲရတယ်လို့ ဝန်ခံသွားပါတယ်။

ဒီဖြစ်စဉ်မှာ  လူကြီး ၈၅ ဦး ကလေး ၁၄ ယောက်နဲ့  ယဉ်မောင်း နှစ်ဦးတို့ကို ဖမ်းဆီးရမိထားပြီး  လဝကဥပဒေနဲ့ အရေးယူဖို့ ထောင်းန်ဖာဖုမ်းရဲစခန်းကို ပို့ဆောင်ထားကြောင်း၊ ထွက်ပြေးသွားတဲ့ ကားသမားတွေကိုလည်း ဖမ်းဆီးအရေးယူဖို့ ဆက်လက်စုံစမ်းနေတယ်လို့ တာဝန်ရှိသူက ပြောသွားပါတယ်။

ဒီမတိုင်ခင် မတ် ၂၆ ရက် ညနေ ၂ နာရီလောက်ကလည်း ဆန်ခလပူရီမြို့နယ် နောင်လူးအုပ်စု ဘန့်ဒုန်ဆဒ်ရွာလမ်းမှာ တရားမဝင် မြန်မာ ၇ ဦး ( ကျား ၅ ၊ မ ၂ ) ဦးတို့ကို ထိုင်းကားမောင်းသမား နိုင်းဆုမ်ကျစ်ကမွန်း ( ၃၂ နှစ် ) နဲ့ အတူ ဖမ်းဆီးရမိခဲ့ပါသေးတယ်။

မြန်မာနိုင်ငံမှာ စစ်ကောင်စီက စစ်မှုထမ်းရမယ့်ဥပဒေ စတင်ကျင့်သုံးနေပြီး အဓမ္မစစ်သား စုဆောင်းနေတာကြောင့် အရွယ်ကောင်းလူငယ်တွေ ပြည်ပကို နေ့စဉ်နဲ့အမျှ ထွက်ပြေးတိမ်းရှောင် နေကြပြီး ထိုင်းနယ်စပ်မှာလည်း တရားမဝင် ဝင်ရောက်မှုနဲ့ ဖမ်းဆီးခံရတာတွေ နေ့စဉ်လို ရှိနေပြန်ပါတယ်။

photo/Source:Khaosod 

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013