မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ဓမ္မသကျေးရွာကို မတ် ၂၇ ရက်မှာ စစ်ကောင်စီတပ်က လက်နက်ကြီးအများအပြားနဲ့ ပစ်ခတ်ခဲ့တာကြောင့် နေအိမ် ၃၀၀ လောက် မီးလောင်ပျက်စီးပြီး လူ တဦးသေဆုံးခဲ့ကာ ၃၈ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ မွန်ဖက်ဒရယ်ကောင်စီ (MSFC) က ပြောပါတယ်။
အိမ်ခြေ ၁၀၀၀ လောက်ရှိတဲ့ ဓမ္မသကျေးရွာထဲကို စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်တာမရှိဘဲ မတ် ၂၇ ရက် ညနေ ၄ နာရီလောက်က မြေပြင်နဲ့ လေကြောင်းကရော မြစ်ထဲကနေ ရေတပ်သင်္ဘောကနေပါ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် မီးလောင်မှုဖြစ်ပွားခဲ့တာလို့ ဒေသခံထံက သိရပါတယ်။
မီးလောင်မှုကြောင့် နေအိမ် ၃၀၀ လောက်ပျက်စီးခဲ့သလို လူ ၁ ဦးသေဆုံးခဲ့ပြီး လူ ၃၈ ဦးဒဏ်ရာရခဲ့တဲ့အပြင် ရွာသားတွေလည်း စစ်ဘေးတိမ်းရှောင်နေရပါတယ်။
MSFC လူသားချင်းစာနာမှုနဲ့ ကယ်ဆယ်ရေးဌာနမှူးမိဆုတဂျိုက "ဓမ္မသကျေးရွာထဲမှာ ဘယ်တော်လှန်ရေးတပ်ဖွဲ့မှာ တပ်စွဲထားတာမရှိပဲ ပြည်သူတွေကို တာဝေးပစ်လက်နက်ကြီး တွေနဲ့ ရည်ရွယ်ချက်ရှိရှိပစ်ခတ်ခဲ့တာပါ။ ညနေ ၄ နာရီလောက်က စလောင်တာ ညည့်နက်မှ မီးငြိမ်းသွားတာ။ လူ တဦးသေတယ်၊ ဒဏ်ရာများတာက ရှစ်ဦး ဒဏ်ရာအနည်းအကျဥ်းရတာ ၃၀ ပါ။ စစ်ရှောင် လူကြီး၊ အမျိုးသမီး၊ ကလေးတွေဟာ နီးစပ်ရာဘုန်းကြီးကျောင်း၊ ဂူဘုရားတွေမှာ ခိုလှုံနေရပါတယ်။ ခုအထိကို လက်နက်ကြီးတွေ ဆက်ပစ်နေတဲ့အတွက် ရွာသားတွေက မီးထပ်လောင်မှာကို စိုးရိမ်နေရပါတယ်" လို့ ပြောပါတယ်။
စစ်ရှောင်တွေကို မော်လမြိုင်ဒေသခံတွေက သူတို့ဆီမှာလာရောက်ဖို့ ကြိုဆိုကြပေမဲ့ မော်လမြိုင်သွားမယ့် လမ်းတံတားဂိတ်တွေမှာ စစ်ဆေးတားမြစ်ပိတ်ပင်မှုတွေ ကြုံတွေ့နေရ တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီရဲ့ အကြမ်းဖက်လုပ်ရပ်တွေကို အမြန်ဆုံးရပ်တန့်ဖို့အတွက် ပြည်သူလူထုတရပ်လုံး နည်းမျိုးစုံနဲ့ တိုက်ထုတ်သွားဖို့နဲ့ စစ်ကောင်စီကို အလျှင်အမြန်ဖြုတ်ချဖို့ မွန်ဖက်ဒရယ် ကောင်စီက တိုက်တွန်းခဲ့ပါတယ်။
စစ်ကောင်စီကြောင့် အိုးမဲ့အိမ်မဲ့ဖြစ်နေတဲ့ ပြည်သူတွေကို မွန်ပြည်နယ်အတွင်းရှိ မွန်ပြည်သူတွေ၊ ပြည်ပရောက်မွန်ပြည်သူတွေ၊ မြန်မာနိုင်ငံရှိ ပြည်သူတွေနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေအနေနဲ့ လူသားချင်းစာနာမှုအကူအညီတွေပေးဖို့ မွန်ဖက်ဒရယ်ကောင်စီက တောင်းဆိုထားပါတယ်။
Photo. ဒေသခံလူမှုကယ်ဆယ်ရေးအဖွဲ့