စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ဦးနှောက်ကျေးရွာအုပ်စု၊ ကိုးပင်ကျေးရွာကို ဇန်နဝါရီ ၁၅ ရက်နေ့ မနက် ၉ နာရီခွဲက မီးရှို့ဖျက်ဆီးတဲ့ စစ်ကောင်စီတပ်နဲ့ ဒေသခံကာကွယ်ရေးတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အဲဒီစစ်ကောင်စီတွေဟာ ကန့်ဒေါင့်ကျေးရွာက နယ်မြေခံ ရဲစခန်းကို ပြည်သူကာကွယ်ရေးအဖွဲ့တွေက တိုက်ခိုက်ခဲ့တာကြောင့် အထိနာပြီး အနီးအနားကရွာတွေကို အခုလို မီးရှို့နေတာလို့ ဆိုပါတယ်။
“သူတို့ လက်နက်ကိုင်အချင်းချင်းကတော့ စစ်ရေးအခြေအနေက တင်းမာနေတယ်ဗျ။ ကျနော်တို့ ဒေသခံ ရွာသားတွေကတော့ ဇန်နဝါရီ ၄ ရက်ကတည်းက ရွာထဲမနေရဘဲ အကုန်ထွက်ပြေးနေရတယ်။ ဒီနေ့လည်း ကိုးပင်ရွာကို မီးရှို့တယ်ဗျ။ အိမ်ခြေ ၂၀ ကျော်လောက်ပါသွားတယ်။ ကာကွယ်ရေးတပ်တွေလာတော့ ကန့်ဒေါင့်ရွာဘက် အကုန်ထွက်ပြေးကြတယ်။ ပစ်ခတ်မှုကတော့ ဖြစ်သေးတယ်ဗျ။ နှစ်ဖက်ထိခိုက်မှုကတော့ မသိရသေးဘူး” လို့ ကိုးပင်ရွာသားတဦးက ပြောပါတယ်။
ပုလဲမြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်နဲ့ ပြည်သူကာကွယ်ရေးအဖွဲ့တို့ စစ်ရေးအခြေအနေ တင်းမာနေဆဲဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးအဖွဲဘက်က တိုက်ပွဲရက်ရှည်လာတာကြောင့် ကျည်လုံလောက်မှု အားနည်းလာကြောင့် အရေးပေါ် အကူအညီလိုအပ်နေတယ်လို့ ဒေသခံပြည်သူကာကွယ်ရေးတပ်ဖွဲ့ ခေါင်းဆောင်တွေက ပြောပါတယ်။
“ဒီနေ့က တိုက်ပွဲက သုံးနေရာလောက်ဖြစ်တယ်ဗျ။ ပထမက ကိုးပင်ရွာအတွင်းမှာတကြိမ်၊ ရွာအပြင်မှာ နှစ်ကြိမ် အားလုံးပေါင်း သုံးကြိမ်ဖြစ်တယ်ဗျ။ အထိခိုက်ကတော့ (-) တွေဘက်က ၂ ကောင်ကျတယ်လို့ အတိအကျ သိထားရတယ်။ ကျနော်တို့ဘက်က အထိအခိုက် ကြီးကြီးမားမား မရရှိခဲ့ဘူး” လို့ သခင်ဒေါင်းညို့အဖွဲ့တာဝန်ရှိသူက ပြောပါတယ်။
ပုလဲမြို့နယ်အတွင်း အခုဇန်နဝါရီအတွင်း စစ်ကောက်စီတပ်က ကျေးရွာ ၅ ရွာအထိ မီးရှို့ဖျက်ဆီးခဲ့တာကြောင့် အိမ် ၁၀၀ ကျော်လောက် ဆုံးရှုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီတပ်ကို ဒေသခံ တော်လှန်ရေး အင်အားစုတွေ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။