ကယား (ကရင်နီ) ပြည်နယ်၊ လွိုင်ကော်မြို့၊ ပြည်နယ်ခန်းမရှေ့မှာ ဇန်နဝါရီ ၁၅ ရက် ဒီနေ့မနက် (၇၁)နှစ်မြောက် ကယားပြည်နယ်နေ့ အထိမ်းအမှတ် မုခ်ဦးဖွင့်ပွဲအခမ်းအနားကို စစ်ကောင်စီက စီစဉ်ကျင်းပနေချိန် လက်နက်ကြီးနဲ့ ပစ်ခံရလို့ လုံခြုံရေးတပ်ဖွဲ့ဝင်တချို့နဲ့ အရပ်သားအနည်းဆုံး ၈ ဦးဒဏ်ရာရပြီး ၁ ဦး သေဆုံးခဲ့တယ်လို့ စစ်ကောင်စီက သတင်းထုတ်ပါတယ်။
ဒီနေ့မနက် ၇ နာရီ ၁၅ မိနစ်လောက်မှာ လွိုင်ကော်မြို့ အရှေ့မြောက်ဘက်မီတာ ၄၀၀၀ လောက် အကွာကနေ လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်လို့ အခမ်းအနားကျင်းပရာ ပြည်နယ်ခန်းမအနီး လက်နက်ကြီး ကျည် ကျရောက်ပေါက်ကွဲခဲ့တယ်လို့ ဆိုပါတယ်။
ထိခိုက်ဒဏ်ရာရသူတွေထဲမှာ ကျောင်းသား/သူ ၆ ဦး၊ အရပ်သား ကျား ၁ ဦး၊ မ ၁ ဦးတို့ ပါဝင်ပြီး အရပ်သား အမျိုးသား ၁ ဦး သေဆုံးခဲ့ကြောင်းနဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ ဘယ်နှယောက် ထိခိုက် ဒဏ်ရာရတယ်ဆိုတာကိုတော့ သတင်းမှာ ဖော်ပြတာမရှိပါဘူး။
ထိခိုက်ဒဏ်ရာရရှိခဲ့သူတွေကို လွိုင်ကော်မြို့ရှိ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ဆေးကုသပေးနေတယ်လို့ ဆိုပါတယ်။
ဒီပစ်ခတ်မှုဟာ KNPP အဖွဲ့နှင့် PDF တွေက ပစ်ခတ်တာလို့ စစ်ကောင်စီက သက်သေမရှိဘဲ စွပ်စွဲထုတ်ပြန်ထားပြီး စွပ်စွဲခံရတဲ့ အဖွဲ့တွေဘက်ကိုတော့ လတ်တလော ဆက်သွယ်မေးမြန်းနိုင်ခြင်း မရှိသေးပါဘူး။
Photo- DSINFO