စစ်ကိုင်းတိုင်း၊ ကန်ဘလူမြို့နယ်၊ ညောင်ကုန်းရွာကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးပြီး ဖမ်းဆီးခေါ်ဆောင်သွားသူတွေထဲက ၂ ဦးအား သတ်ဖြတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
“အဲတာက မနေ့က ဇန်နဝါရီ ၁၄ ရက်နေ့က ဖမ်းသွားတယ်ဗျ။ ဖမ်းတာက အမျိုးသမီး ၃ ယောက်၊ အမျိုးသား ၂ ယောက်၊ စုစုပေါင်း ၅ ယောက်ကို ဖမ်းသွားတယ်ဗျ။ အမျိုးသား ၂ ယောက်က နေရာတင်သေဆုံးတယ်ဗျ။ ညောင်ကုန်းကျေးရွာ ဒေါ်နု အသက် ၆၀ နှစ်၊ လည်ပင်ထိုးသွင်းဒဏ်ရာ၊ ဒေါ်နှင်းရီ အသက် ၄၅ နှစ်၊ မဇင်မာအေး အသက် ၃၀ နှစ် ဝမ်းဗိုက်နဲ့ ရင်ဘတ် ဝမ်းဗိုက်ဒဏ်ရာရထားတယ်ဗျ။ အဲအမျိုးသမီး ၃ ဦးစလုံးကို စစ်ကောင်စီက သေပြီဆိုပြီး ပစ်ထားခဲ့တာ။ အခုမသေဘဲ ကျနော်တို့ ကယ်ဆယ်ထားတယ်ဗျ။ အဲဒီ ၃ ဦးထဲက ၂ ဦးကတော့ အခြေအနေအတော်ဆိုးတယ်။ ဆေးဝါးကုသမှုတွေတော့ ပေးထားတယ်” လို့ ကန့်ဘလူဒေသခံတဦးက ပြောပါတယ်။
အသတ်ခံရသူတွေကတော့ ပလူသာကျေးရွာက ဦးသန်းလွင် (အသက် ၅၅ နှစ်) နဲ့ ညောင်ကုန်းသား ဦးနွားတင် (အသက် ၆၅ နှစ်) တို့ ဖြစ်တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်ဟာ ဇန်နဝါရီ ၁၄ ရက်နေ့က ချပ်ကြီးကျေးရွာကနေ စစ်ကြောင်းထိုးလာပြီး အခုလို အပြစ်မဲ့ပြည်သူတွေကိုသတ်ဖြတ်ခဲ့ပြီး ညောင်ကုန်းကျေးရွာကိုလည်း မီးရှို့သွားတယ်လို့ ကနိ့ဘလူဒေသခံတွေက ပြောပါတယ်။
ကန့်ဘလူမြို့နယ် ညောင်ကုန်းရွာကို စစ်ကောင်စီက မီးရှို့တာဟာ ဒုတိယအကြိမ်ဖြစ်ပြီး နေအိမ် ၅၀ လောက်၊ စပါးတိုက် ၁၅ လုံး၊ ဒေသခံပြည်သူများ စစ်ဘေးရှောင်ရာတဲတိုက် ၇ လုံးနဲ့ သိုလှောင်ထားတဲ့ စပါးအများအပြား ပျက်စီးဆုံးရှုံးခဲ့ရပြီး ပထမအကြိမ်မှာတော့ အိမ်ခြေ ၃၅ လုံး မီးလောင်ဆုံးရှုံးခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။