ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဝါရာဇွပ်ကျေးရွာအုပ်စု၊ ယုဇနကုမ္ပဏီပိုင် စက်ရုံ အနောက်ဘက် လမ်းမှာ ဇန်နဝါရီ ၁၂ ရက် မနက် ၇ နာရီခွဲလောက်က မိုင်းနင်းမိလို့ အမျိုးသမီး တယောက် သေဆုံးပြီး တယောက် ဒဏ်ရာရာခဲ့တယ်လို့ ဒေသခံတွေ ဆီက သိရပါတယ်။
လော့ဒ်ဂျာရွာနားက ဂျာဝမ်ရွှေမှော်သွားတဲ့လမ်းမှာ ဆိုင်ကယ် စီးပြီး ဖြတ်သွားရာက ယုဇန စက်ရုံ အနောက်ဘက်လမ်းမှာ မြေမြှုပ်မိုင်းမိသွားတာလို့ ဆိုပါတယ်။
ရှထူးဇွမ်ရွာ ရပ်ကွက် ၂ မှာ နေထိုင်တဲ့ အသက် ၅၃ နှစ်အရွယ် ဒေါ်သန်းနိုင်လှက ဘယ်နဲ့ ညာ ခြေဖမိုးမှာ မိုင်းစ ထိမှန် ဒဏ်ရာရပြီး သူ့ သမီးဖြစ်တဲ့ မသဲနု (အသက်၁၉နှစ်) က ညာဘက် ပေါင် ကျိုးသွားကာ မီးဖြစ်သူက စံပြရွာက ပီတိ ဆေးခန်းမှာ ဆေးကုသမှု ခံယူနေချိန် ဆုံးသွားတယ်လို့ ဒေသခံ တဦးက ရှင်းပြပါတယ်။
လက်ရှိ ထိခိုက်ဒဏ်ရာရထားတဲ့ ဒေါ်သန်းနိုင်လှက တနိုင်းပြည်သူ့ဆေးရုံမှာ ဆေးကုသမှု ခံယူနေတယ်လို့ ဆိုပါတယ်။
အဲဒီ မြေမြုပ်မိုင်းကိုတော့ ဘယ်အဖွဲ့က ထောင်ထားတာကို မသိရပေမယ့် အဲဒီနယ်မြေမှာတော့ စစ်ကောင်စီတပ်၊ စစ်ကောင်စီ လက်အောက်ခံ ပြည်သူ့စစ်အဖွဲ့နဲ့ ကေအိုင်အေ တပ်မဟာ ၂ တို့ လှုပ်ရှားသွားလာရာ နေရာဖြစ်ပါတယ်။