ရန်ကုန်၊ လှိုင်မြို့နယ်၊ အုတ်ကျင်း၊ ဘူတာရုံလမ်း၊ ရေခဲစက်ရုံတခုမှာ ဇန်နဝါရီ ၁၂ ရက် ည ၈ နာရီ ကျော်လောက်ကစပြီး ဂက်စ်ပိုက်လိုင်းပေါက်လို့ ရပ်ကွက်ထဲ ဓာတ်ငွေ့တွေပျံ့သွားကာ လူတွေ မျက်စိစပ်တာ၊ မွှန်တာ၊ တချို့ မူးမေ့တာတွေဖြစ်ကုန်တယ်လို့ ဒေသခံတွေကပြောပါတယ်။
ဘူတာရုံလမ်း ရေခဲစက်ကနေ အအေးပေးဂတ်စ်ပိုက်လိုင်းပေါက်ပြီး အမိုးနီးယား ဓာတ်ငွေ့တွေ အနီးဝန်းကျင်တဝိုက်ကို ပျံ့သွားခဲ့တာဖြစ်ပြီး ပရဟိတအဖွဲ့တွေက လူနာတင်ယာဉ် အများအပြားလည်း ရောက်လာကာ သက်ကြီးရွယ်အို၊ ကလေးတွေနဲ့ အရေးပေါ်ကုသဖို့လိုအပ်သူတွေကို ဆေးရုံကိုပို့ဖို့ စီစဉ်ခဲ့ရတယ်လို့ ရပ်ကွက်နေသူတဦးက ပြောပါတယ်။
မီးသတ်တပ်ဖွဲ့ကလည်း ညပိုင်း ၉ နာရီကျော်မှာ သတင်းရလို့ လူနာတင်ကား၊ မီးသတ်ကားအပါအဝင် ကား ၁၃ စီးနဲ့ သွားရောက်ကူညီခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
ဓာတ်ငွေ့တွေကို ရှင်းလင်းဖယ်ရှားပေးတာ၊ ပတ်ဝန်းကျင်ရှိ ပြည်သူတွေကို ဘေးကင်းလွတ်ရာနေရာသို့ ပို့ဆောင်ပေးတာ၊ အမိုးနီးယားဓာတ်ငွေ့ဘေးသင့်သူ ၂၉ ယောက်ကို ဆေးရုံတွေကို ပို့ဆောင်ပေးခဲ့တယ်လို့ဆိုပါတယ်။