ဧရာဝတီတိုင်း၊ ပုသိမ်မြို့မှာ ဇန်နဝါရီ ၆ ရက်နေ့ အကျဉ်းထောင်အတွင်း ပစ်ခတ်မှု ဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး အကျဉ်းကျခံနေရတဲ့ နိုင်ငံရေးအကျဉ်းသား ကိုဝင်းထွန်းနိုင်ရဲ့ ဇနီးဖြစ်သူကို စစ်ကောင်စီတပ်သားတွေက ဇန်နဝါရီ ၇ ရက်နေ့က ဖမ်းဆီးခဲ့တယ်လို့ နီးစပ်သူတွေက ပြောပါတယ်။
ကိုဝင်းထွန်းနိုင်ရဲ့ ဇနီးဖြစ်သူ မစန္ဒာအေးကို စစ်ကောင်စီတပ်သားတွေက ဖမ်းဆီးသွားပြီးနောက်ပိုင်း ပုသိမ်မြို့မရဲစခန်းမှာ အကျဉ်းထောင်ဥပဒေပုဒ်မ ၄၂ နဲ့ အမှုဖွင့်ထားတယ်လို့ ဆိုပါတယ်။
“ခုထိတော့ တွေ့ခွင့်မရသေးဘူး။ နီးစပ်တဲ့ရဲတွေကို မေးကြည့်တာတော့ အမှုဖွင့်လိုက်ပြီ ပြောတယ်။ အကျဉ်းထောင်ထဲကို တားမြစ်ပစ္စည်းတွေ သွင်းတယ်ဆိုတဲ့ ပုဒ်မနဲ့ ဖွင့်လိုက်တာ ပြောတယ်” လို့ နီးစပ်သူတဦးက ပြောပါတယ်။
ကိုဝင်းထွန်းနိုင်ရဲ့ ဇနီးဖြစ်သူကို မတရားဖမ်းဆီးပြီး အမှုဖွင့်တာဟာ စစ်ကောင်စီက အကျဉ်းထောင်အတွင်း ပစ်ခတ်မှုဖြစ်စဉ်တွေနဲ့ပတ်သက်ပြီး အကြောင်းပြချက်တခုသာ ဖြစ်တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီဘက်က ပုသိမ်အကျဉ်းထောင်တွင်း ပစ်ခတ်မှုဖြစ်စဉ်ဟာ နိုင်ငံရေးအကျဉ်းသား တဦးဆီမှာ ဖုန်းတွေ့လို့ သိမ်းဆည်းရာကနေ ဆူပူမှုဖြစ်ပေါ်ခဲ့တာလို့ သတင်းထုတ်ပြန်ထားတာပါ။
အကျဉ်းထောင်နဲ့ နီးစပ်သူတွေကတော့ CDM ကျောင်းဆရာတဦး သေဒဏ်ချမှတ်ခံရတဲ့အပေါ် ဆန္ဒပြတောင်းဆိုရာကနေ စတင်ဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။
အဆိုပါဖြစ်စဉ်ကြောင့် နိုင်ငံရေးအကျဉ်းသားတဦး သေဆုံးခဲ့ရသလို ၆၀ ကျော် ဒဏ်ရာရရှိခဲ့ပြီး လက်ရှိအချိန်ထိ ထောင်အာဏာပိုင်တွေ ခေါ်ထုတ်သွားတဲ့ နိုင်ငံရေးအကျဉ်းသား ကိုဝင်းမင်းထက် (ခ) ကိုမဲကြီး ပျောက်ဆုံးနေတယ်လို့ အကျဉ်းထောင်နဲ့ နီးစပ်သူတွေက ပြောပါတယ်။