မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ရွာတန်းရှည်ကျေးရွာအနီး ရန်ကုန်-မော်လမြိုင် ရထားလမ်းမှာ မနေ့ ဇန်နဝါရီ ၁၀ ရက် ည ၇ နာရီလောက်က ကုန်ရထားတစီး မိုင်းဆွဲခံလိုက်ရတယ်လို့ ဒေသခံတွေက ဒီဗွီဘီကို ပြောပါတယ်။
ရန်ကုန်ကနေ မော်လမြိုင်ကို မောင်းနှင်လာတဲ့ ကုန်ရထားဟာ ရွာတန်းရှည်ကျေးရွာအနီးမှာ မိုင်းဆွဲခံရလိုက်တာ ဖြစ်ပါတယ်။
မိုင်းဆွဲခံရလိုက်တာကြောင့် ရထားသံလမ်း ၆ ပေနီးပါး ပြတ်တောက်ခဲ့သလို ကုန်ရထားတွဲ ၄ တွဲ လမ်းချော်မှု ဖြစ်ပွားခဲ့ပါတယ်။
ကုန်ရထား မိုင်းဆွဲခံလိုက်ရပေမဲ့ ရထားလမ်းကို ညတွင်းချင်း ပြင်ဆင်ခဲ့တဲ့အတွက် မော်လမြိုင်-ရန်ကုန် ခရီးစဉ်တွေကို ပုံမှန်အတိုင်း ပြန်လည်ပြေးဆွဲပေးနေတယ်လို့ မော်လမြိုင်ဘူတာ တာဝန်ရှိသူတဦးက ဆိုပါတယ်။
ကုန်ရထားမိုင်းဆွဲမှုကို ဘယ်အဖွဲ့အစည်းက လုပ်ဆောင်ခဲ့လဲဆိုတာ လက်ရှိအချိန်အထိ မသိရသေးဘူး။
ရန်ကုန်-မော်လမြိုင် ကုန်ရထားဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၂ ရက်ကလည်း သထုံမြို့နယ်၊ ဂေါ့ကျေးရွာ၊ ကွင်းကူးတိုးဂိတ်အနီးမှာ မိုင်းဆွဲခံထားရပြီး ကုန်ရထားတွဲ ၃ တွဲ လမ်းချော်တာနဲ့ ရထားလမ်းပိုင်းတချို့ ထိခိုက်ပျက်စီးထားပါတယ်။
မော်လမြိုင်-ရန်ကုန် ရထားလမ်းဟာ စစ်တပ်အာဏာသိမ်းပြီးနောက် ၅ ကြိမ်ထက်မနည်း မိုင်းဆွဲတိုက်ခိုက်ခံထားရတာ ဖြစ်ပါတယ်။