တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ ဟင်းချိုတောကျေးရွာမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဒီကနေ့ ဇန်နဝါရီ ၁၁ ရက်၊ မနက်ပိုင်းမှာ နေအိမ် ၄ လုံးကို မီးရှို့သွားတယ်လို့ နေအိမ်မီးရှို့ခံရသူတွေက ပြောပါတယ်။
ထားဝယ်မြို့ကနေ ကျောက်နီမော်ကျေးရွာကို ရောက်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ပျူစောထီးအဖွဲ့ဝင်တွေက မနက် ၄ နာရီလောက်မှာ ရွာထဲကို ရေလမ်းကြောင်းအတိုင်း ဝင်လာကာ အခုလို မီးရှို့သွားတာဖြစ်ပြီး မီးရှို့ခံရတဲ့အထဲက နေအိမ် ၃ လုံး မီးလောင်ပြာကျခဲ့တဲ့အပြင် ပရိဘောဂဆိုင်တဆိုင်၊ စပါးကျီတွေနဲ့ ဆိုင်ကယ် ၂ စီးလည်း မီးလောင်ဆုံးရှုံးသွားတယ်လို့ သိရပါတယ်။
မီးရှို့ခံရတဲ့အထဲပါတဲ့ တိုက်အိမ် ၁ လုံးကိုတော့ စစ်ကောင်စီလက်အောက်ခံ တပ်ဖွဲ့ဝင်တွေ ပြန်ထွက်သွားတဲ့အချိန် အချိန်မီ မီးငြှိမ်းသတ်နိုင်ခဲ့လို့ နေအိမ်တခုလုံး မီးမလောင်ခဲ့ဘူးလို့ သိရပါတယ်။
နေအိမ်မီးရှို့ခံလိုက်ရတဲ့ အမျိုးသမီးတဦးက “သူတို့ ရွာထဲဝင်လာပြီး သေနတ်ပစ်တာနဲ့ ကျမတို့ အိမ်ကနေ ထွက်ပြေးသွားတာ၊ အိမ်မှာ ဝင်လာမေးတော့ လူမရှိတာနဲ့ မီးရှို့သွားတယ်၊ စပါးတင်း ၂၀၀ ကျော်နဲ့ ရာဘာပြား ၃၀၀ လောက်လည်း မီးလောင်ကုန်တယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။
မီးရှို့ခံရတဲ့ နေအိမ်အများစုဟာ သာမန်အရပ်သား ပြည်သူတွေရဲ့ နေအိမ်တွေဖြစ်ပြီး စစ်ကောင်စီလက်အောက်ခံ တပ်ဖွဲ့ဝင်တွေ ပစ်ခတ်လို့ အမျိုးသမီးငယ်တဦးလည်း ခြေထောက်ကို ကျည်ဆန်ရှပ်ထိခဲ့တယ်လို့ ဟင်းချိုတောရွာခံ အမျိုးသမီးတဦးက ပြောပါတယ်။
စစ်ကောင်စီလက်အောက်ခံ တပ်ဖွဲ့ဝင်တွေဟာ နေအိမ်တွေထဲက အသုံးအဆောင်ပစ္စည်း တချို့နဲ့ ဖုန်းတွေကိုလည်း ယူသွားပြီး ဘာလို့ အခုလိုမီးလာရှို့တာလဲ ဆိုတာကိုတော့ အတိအကျ မသိရပါဘူး။
ထားဝယ်-ရှင်မော် ကားလမ်းမပေါ်မှာရှိတဲ့ ဟင်းချိုတောကျေးရွာအနီးမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ထားဝယ်ဘက်ကနေ ကားနဲ့သယ်လာတဲ့ ကျောက်နီမော်ကျေးရွာက ပျူစောထီးခေါင်းဆောင်ရဲ့ အရက်၊ ဘီယာတွေကို သိမ်းဆည်းဖျက်ဆီးတာမျိုး လုပ်လေ့ရှိပါတယ်။
မီးရှို့တဲ့အဖွဲ့ထဲ ပါဝင်တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ လောက်ကတော့ ကျောက်နီမော် ကျေးရွာကနေ ထားဝယ်မြစ်ကြောင်းအတိုင်း ထားဝယ်ဘက်ကို မနက် ၁၀ နာရီလောက်မှာ ပြန်တက်သွားတယ်လို့ မျက်မြင်တွေ့ရှိသူတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၆ ရက်ကလည်း လောင်းလုံးမြို့နယ်၊ သကျက်တောရဲကင်းစခန်းက တပ်ဖွဲ့ဝင် ၂ ဦး ပစ်ခတ်ခံရပြီးနောက် စစ်ကောင်စီလက်အောက်ခံ တပ်ဖွဲ့ဝင်တွေက သကျက်တောကျေးရွာထဲရှိ နေအိမ် ၂ လုံးကို မီးရှို့ဖျက်ဆီးခဲ့ပါသေးတယ်။